News

POST TYPE

NEWS

ချောက်ရေနံမြေတွင် တရုတ်နိုင်ငံသားများကို ရောဂါစောင့်ကြည့်ကာလသတ်မှတ်ခြင်းကို ဒေသခံများကန့်ကွက်
21-Feb-2020
တရုတ်နိုင်ငံသားများတည်းခိုနေထိုင်ရာ ဘိုခင်တည်းခိုခန်း ။ဓာတ်ပုံ-နေနိုင်

ချောက်၊ ဖေဖော်ဝါရီ ၂၀

တရုတ်နှစ်သစ်ကူးပြန်သွားသော Gold Petrol ကုမ္ပဏီမှ တရုတ်နိုင်ငံသားများကို ချောက်မြို့ရေနံမြေတွင် လက်ခံထားပြီး ကိုဗစ် (ဝူဟန်၊ ကိုရိုနာဗိုင်းရပ်စ်) စောင့်ကြည့်ကာလသတ်မှတ်ထားရှိခြင်းအား ကန့်ကွက်ကြောင်း ရေနံမြေအလုပ်သမားများနှင့် ဒေသခံပြည်သူများက  လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၂၀  ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ချောက်- လမ်းရွာရေနံမြေ  အထွေထွေမန်နေဂျာ ထံတင်ပြထားသည်ဟု ဒေသခံလူထုနှင့် ရေနံမြေအလုပ်သမားများထံမှ သိရသည်။ 

Gold Petrol ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသော တွင်းတူးစက်မှ တရုတ်နိုင်ငံသားရှစ်ဦးသည် တရုတ်နှစ်သစ်ကူး ကာလတွင် တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ၊ပြန်လည်ရောက်ရှိလာပြီး ကိုဗစ် (ဝူဟန်၊ ကိုရိုနာဗိုင်းရပ်စ်) ရှိ၊ မရှိ ဆေးရုံ၊ ဆေးခန်းများတွင် စစ်ဆေးစောင့်ကြပ်ခြင်းမရှိဘဲ ချောက်ရေနံမြေ လုပ်ငန်းခွင်တွင် ဧရိယာသတ်မှတ်ပြီး ရောဂါအခြေအနေ စောင့်ကြည့်ခြင်းနှင့် စောင့်ကြည့်ကာလသတ်မှတ်ခြင်းကို ကန့်ကွက်ကြခြင်းဖြစ်သည်ဟု ကန့်ကွက်မှုတွင်ပါဝင် လက်မှတ်ထိုးသူ ဦးအောင်ကြည်မိုးက ပြောဆိုသည်။ 

"နီးစပ်ရာရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၄၊ လွတ်လပ်ရေးရပ်ကွက်နဲ့ အမှတ် ၁ ရပ်ကွက် ကျောက်တဲရပ်ကွက်ဒေသခံတွေနဲ့ ရေနံမြေအလုပ်သမားတွေက ကန့်ကွက်ကြောင်းလက်မှတ်ထိုးခဲ့တယ်။ စုစုပေါင်းလက်မှတ် ၁၇၁ ဦးရဲ့ လက်မှတ်နဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ချောက်၊ လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာကို ပို့ထားပြီးပြီ။လွှတ်တော်ကိုယ်စားလှယ်လေးဦးနဲ့ မြို့နယ်ကျန်းမာရေးဦးစီးမှူးကို ပေးဖို့ရှိတယ်" ဟု ၎င်းကရှင်းပြသည်။ 

ယင်းအပြင် Gold Petrol ကုမ္ပဏီ မှ နှစ်ချုပ်ဖြင့်ငှားရမ်းအသုံးပြုထားသော အမှတ် ၁၅ တိုးချဲ့ရပ်ရပ်ကွက်ရှိ ဘိုခင်တည်းခိုခန်းတွင် နေထိုင်သော တရုတ်နိုင်ငံသားဝန်ထမ်း ကိုးဦးသည်လည်း ယခုလဖေဖော်ဝါရီလဆန်းရက်ပိုင်းက ရောက်ရှိလာရာ ၎င်းတို့ကို ကျန်းမာရေး စစ်ဆေးမှုမရှိဘဲ ထားရှိမှုအပေါ် ကိုဗစ် (ဝူဟန်၊ ကိုရိုနာဗိုင်းရပ်စ်) ဖြစ်ပွားမည်ကို  စိုးရိမ်ကြောင်း ဒေသခံအဆိုအရ သိရသည်။ 

ယင်းတရုတ်နိုင်ငံသားတစ်ဦးချင်းစီတွင် အဖျားတိုင်းကိရိယာများပါရှိကြောင်း နှင့် ၎င်းတို့က ယင်းမြို့ရှိ မြို့နယ်ဆေးရုံနှင့် ရေနံဆေးရုံမှ ပေးထားသော ဖောင်(ပုံစံ)တွင် နေ့စဉ်ဖြည့်ပေးရမည်ဖြစ်ကြောင်း ချောက်-လမ်းရွာရေနံမြေမှ အထွေထွေ မန်နေဂျာ ဦးကိုကိုသက်က ပြောဆိုသည်။ 

"တရားဝင် ခွင့်ပြုထားတဲ့သူတွေပါ။ ခွင့်ပြုမိန့်မရှိဘူးဆိုရင် ကျွန်တော်တို့လည်း မထားရဲဘူး။ မှီခိုသူအနေနဲ့လာတဲ့သူတွေကိုလည်း ကျွန်တော်တို့ဆီကို သတင်းပို့ထားပါတယ်။ Visa ရက်ပိုင်းလွန်နေတာရှိပါတယ်။ ကျွန်တော်တို့က လွန်နေတဲ့ဟာကို ချက်ချင်းအရေးယူလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ အများကြီးရှိတယ်" ဟု ယင်းမြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးအရာရှိ ဦးညွန့်ဝင်းထူးက ပြောကြားသည်။ 

ဒေသခံများနှင့် ရေနံမြေအလုပ်သမားများ စုပေါင်းလက်မှတ်ရေးထိုးကန့်ကွက်ခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ယင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ချောက်လမ်းရွာအထွေထွေမန်နေဂျာ၊ Gold Petrol  ကုမ္ပဏီမှ မန်နေဂျာနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဆရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ၊ မြို့မိမြို့ဖများ၊  ရေနံမြေအလုပ်သမားများနှင့် ဒေသခံပြည်သူလူထုတို့ တွေ့ဆုံကြမည်ဟု ယင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။     

R-11