News

POST TYPE

NEWS

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ရန် အလားအလာ များပြီး ဒေသအချို့ မိုးကြီးနိုင်
31-Jul-2016
ရန်ကုန်၊ ဇူလိုင် ၃၁

ဘင်္ဂလား ပင်လယ်အော်အတွင်း သြဂုတ်လ ၁ ရက်နေ့ (ယနေ့) ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်း ရပ်ဝန်းမှာ မုန်တိုင်း တစ်ခုဖြစ်ရန် အလားအလာ များနေပြီး ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

တောင်တရုတ် ပင်လယ်ပြင်အတွင်း၌လည်း မုန်တိုင်းများ ဖြစ်ပေါ်နေပြီး ဘင်္ဂလား ပင်လယ်အော်၌လည်း လေထု မငြိမ်မသက မှုများကြောင့် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ကာ မုန်တိုင်းအဖြစ် ရောက်ရှိရန် ရာခိုင်နှုန်း များနေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း ဒေသများနှင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆို သည်။

''မုတ်သုံလေ အားကောင်းဖို့ ရှိနေတဲ့အတွက် မုတ္တမကွေ့၊ မွန် - တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာ မိုးရေချိန် အများဆုံး ၁၂ လက်မကနေ ၁၄ လက်မ ရနိုင်တဲ့အထိ မိုးအားကောင်းနိုင်တယ်''ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

လေထု မငြိမ်မသက်မှုများကြောင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အပါအဝင် ကမ်းရိုးတန်း ဒေသများတွင် မိုးဆက်လက် ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ယင်းသို့ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးအား ပိုနိုင်ပြီး ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်နှင့် ဒုဋ္ဌဝတီမြစ် အစရှိသည့် မြစ်ကြီးများတွင်လည်း စိုးရိမ်ရေမှတ် အထက် မြစ်ရေ ဆက်လက် မြင့်တက်လာနိုင်သည့်အပြင် ကမ်းရိုးတန်း ဒေသများတွင်လည်း လှိုင်း၊ လေ ပြင်းထန်နိုင်သည့်အတွက် ငါးဖမ်းရေယာဉ်များ၊ လှေ၊ သင်္ဘောများသည် သတိပြု ထွက်ခွာရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေး ပြောဆိုသည်။



  • VIA