News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းအထည်ချုပ်စက်ရုံများပိတ်သိမ်းရမည့်အခြေအနေနှင့် ရင်ဆိုင်နေရ
16-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်နေပြီး စက်ရုံပိတ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

ယင်းသို့ ကုန်ကြမ်းပြတ်တောက်မှုကြောင့် လတ်တလောတွင် စက်ရုံအလုပ်သမားများကို အချိန်ပို အလုပ်လုပ်စေခြင်းများ စတင်လျှော့ချနေကြောင်း၊ ယခင်က အလုပ်သမားများကို တစ်ရက်အလုပ်ချိန် ၈ နာရီနှင့် အချိန်ပိုအဖြစ် ၂ နာရီ စုစုပေါင်း ၁၀ နာရီ ခေါ်ခဲ့ရာမှ ယခုအခါ ပုံမှန် အလုပ်ချိန် ၈ နာရီသာ လုပ်ကိုင်စေတော့ကြောင်း ယင်းအသင်းတာဝန်ရှိသူများက ပြောဆိုသည်။ 

“ကျွန်တော်တို့ မတ်လလောက်အထိပဲ တောင့်ခံနိုင်မယ့်အနေအထားဖြစ်နေတယ်။ ကုန်ကြမ်းပြတ်လပ်မှုက ဆိုးရွားနေပြီ။ စက်ရုံကတော့ ၃၀၀ ကျော်ရှိတယ်၊ စက်ရုံတစ်ရုံနဲ့ တစ်ရုံကတော့ မတူနိုင်ဘူး” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်းက ပြောကြားသည်။

ကုန်ကြမ်းပြတ်လပ်မှုကို မဖြေရှင်းနိုင်ပါက စက်ရုံလုပ်ငန်းရှင်များအနေနှင့် အလုပ်သမားအင်အား လျှော့ချရမည့်အပြင် စက်ရုံများကိုလည်း ယာယီရပ်နားထားရမည့် အခြေအနေထိ ဖြစ်လာနိုင်သည့်အတွက် အလုပ်ရှင်များအပါအဝင် အလုပ်သမားများပါ စိုးရိမ်နေသည်ဟု ၎င်းက ပြောဆိုသည်။

“လောလောဆယ်မှာ အချိန်ပိုဆင်းတာမရှိဘူး။ နားထားတာ ဆယ်ရက်လောက်ရှိပြီ။ ကျွန်မတို့စက်ရုံဆို လူ ၉၀၀ လောက် ရှိမယ်ထင်တယ်။ တော်တော်များများတော့ အချိန်ပို မဆင်းရဘူးလို့သိရတယ်။ အချိန်ပိုမဆင်းရရင် အခြေခံလစာပဲရမယ်။ အဆင်မပြေဘူး။ စက်ရုံပါ ရပ်ထားလိုက်မယ်ဆိုရင် ပိုဆိုးပါတယ်။ ခဏပဲရပ်ရပ် ကျွန်မတို့အတွက်က ဘာမှ ဝင်ငွေမရဘူး၊ စားဝတ်နေရေးအခက်အခဲဖြစ်ပါတယ်” ဟု အထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးဖြစ်သူ ဒေါ်ဇာလီက ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် အထည်ချုပ်လုပ်ငန်းကို မှီတင်းလုပ်ကိုင်နေသည့် အလုပ်သမားငါးသိန်းကျော်ရှိနေပြီး ကုန်ပစ္စည်းပြတ်လပ်မှုအခြေအနေကို အစိုးရအနေနှင့် ဖြေရှင်းပေးရန် လိုအပ်နေသည်ဟုလည်း အထည်ချုပ်လုပ်ငန်းရှင်အချို့ထံမှ ထပ်မံသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် တရုတ်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံပေါင်း ၃၀၀ ကျော်မှ ၄၀၀ ဝန်းကျင်အထိရှိနေပြီး ကုန်ကြမ်းအများစုကို တရုတ်နိုင်ငံမှနေ၍ အဓိကတင်သွင်းကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

သိင်္ဂီ (VOM)