News

POST TYPE

NEWS

ရန်ကုန်ရှိ မုန်တိုင်းရေဒါ အောက်တိုဘာလတွင် လုပ်ငန်း စတင်မည်ဟုဆို
31-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းမ ပေါ်ရှိ မိုးလေဝသ တိုင်းတာရေး စခန်း (အောက်မြန်မာပြည်) ရုံးဝင်းအတွင်း၌ ဂျပန်နိုင်ငံ၏ အဆင့်မြင့် နည်းပညာဖြင့် တည်ဆောက်ထားသည့် Doppler Radar  (S-Band)  အမျိုးအစားဖြစ်သော မုန်တိုင်းရေဒါ (ရန်ကုန်ရေဒါ) ကို အောက်တိုဘာလတွင် လုပ်ငန်းများ စတင် လည်ပတ်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်-ကမ္ဘာအေး)ထံမှ သိရသည်။

''တည်ဆောက်မှု အပိုင်းနဲ့  စက်ပစ္စည်းတွေ တပ်ဆင်တဲ့အပိုင်းက ရာနှုန်းပြည့် ပြီးစီးသွားပါပြီ။ စက်တွေရဲ့ ပုံမှန် အလုပ်လုပ်မှု ရှိ/မရှိနဲ့ ဖြည့်စွက်စရာ ရှိရင် သိရအောင် စမ်းသပ် လည်ပတ်နေပြီး အဆင်ပြေရင် အောက်တိုဘာလမှာတော့ စတင် လုပ်ငန်း လည်ပတ်နိုင်မှာ ဖြစ်ပါ တယ်''ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာမှူး ဦးရဲထွဋ်က ဆိုသည်။

ရန်ကုန် ရေဒါလည်ပတ်ရာတွင် ဂျပန် နိုင်ငံ၏ Japan Radio Co.,Ltd. မှ နည်းပညာရှင်များက မြန်မာနိုင်ငံမှ အင်ဂျင်နီယာများကို ရေဒါစက်ပစ္စည်းများနှင့် ရင်းနှီး ကျွမ်းဝင်စေရန် စက်တင်ဘာလတွင် လုပ်ငန်းခွင် လေ့ကျင့် သင်တန်းပေးမည့်အပြင် တစ်နှစ်ခန့် ကြာသည်အထိ တွဲဖက် သင်ကြားပေး သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနထံမှ သိရသည်။

ရန်ကုန်ရေဒါသည် ရန်ကုန်မြို့ တစ်ဝိုက် ကီလိုမီတာ ၄၅ဝ ကျော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်း အခြေအနေ၊ မိုး ရွာသွန်းမှု အခြေအနေ၊ လေပြင်း တိုက်ခတ်မှု အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရှိ ဘက်စုံ သဘာဝဘေး ကြိုတင် သတင်းပေး ဗဟိုဌာန၊ အမျိုးသား မိုးလေဝသ ခန့်မှန်းရေး ဗဟိုဌာနသို့ သတင်း အချက်အလက်များ ပေးပို့မည် ဖြစ်ရာ ၎င်းမှတစ်ဆင့် မှန်ကန် တိကျသော သတိပေးချက်များ ထုတ်ပြန်နိုင်မည်ဖြစ်သဖြင့် သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာလက ရန်ကုန်ရေဒါကို မိုးလေဝသ တိုင်းတာရေး စခန်း(အောက်မြန်မာပြည်) ရုံးဝင်းအတွင်း၌ စတင် တည်ဆောက်ခဲ့ပြီး ရန်ကုန်ရေဒါသည် အမြင့် ၇၅ မီတာ၊ အကျယ် ၁၃ မီတာ၊ မတ်စေ့ပုံထောင့် ရှစ်မြှောင့်ပုံ အထပ် ၁၈ ထပ်ရှိကာ ကျောက်ဖြူနှင့် မန္တလေးရေဒါများထက် ပိုမို မြင့်မားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန် - ကမ္ဘာအေးထံမှ သိရသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)က ဦးစီး၍ Japan Radio Co.,Ltd. ဖြင့် အကုန်ကျခံ တည်ဆောက်ပေးခြင်းဖြစ်ပြီး ရေဒါ သုံးလုံး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၄ သန်းနှင့် အလိုအလျောက် မိုးလေဝသ တိုင်းတာရေး ကိရိယာ (Auto- matic Weather Observation System) ၃ဝ လုံးအတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃သန်းဖြစ်ကြောင်း၊ လက်ရှိတွင် ကျောက်ဖြူ နှင့် ရန်ကုန်ရေဒါမှာ တည်ဆောက် ပြီးစီးသော်လည်း မန္တလေးရေဒါမှာ တည်ဆောက်နေဆဲ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်- ကမ္ဘာအေး ထံမှ သိရသည်။


  • VIA
  • TAGS