News

POST TYPE

NEWS

ဆန္ဒပြကျောင်းသားများကို ကန့်ကွက်ကြောင်း မန္တလေးပညာရေးကောလိပ် ဆရာ၊ ဆရာမအသင်း ကြေညာ
06-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ဆန္ဒပြလှုပ်ရှားမှုများတွင်ပါဝင်ရန် မန္တလေးပညာရေးကောလိပ်စာသင်ခန်းများအတွင်း ဝင်ရောက်စည်းရုံးခဲ့သည့် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသား၊ ကျောင်းသူများကို ကန့်ကွက်ကြောင်း မန္တလေးပညာရေးကောလိပ် ဆရာ၊ ဆရာမအသင်းက ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးပညာရေးကောလိပ်တွင် အခြေခံပညာ စာသင်ကာလတိုးမြှင့်ခြင်းနှင့်ပတ်သက်ပြီး ပညာရေးတက္ကသိုလ်ကောလိပ် ၆ ခုနှင့် အခြားတက္ကသိုလ်ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများစုပေါင်းပြီး တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြမှုတွင် မန္တလေးပညာရေးကောလိပ်ရှိ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ကြိုတင်အသိပေးအကြောင်းကြား ခွင့်ပြုချက်မယူခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြခြင်းမဟုတ်ဘဲ ဆရာ၊ ဆရာမများ၏ သင်ကြားရေးလုပ်ငန်းများ၊ ရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းများကို လုပ်ဆောင်ခွင့်မရှိစေရန် ပင်မအဆောက်အအုံ တံခါးအားလုံးကို သော့ခတ်ခြင်း၊ ပိတ်ဆို့ဝန်းရံခြင်း၊ မန္တလာမြေ (အမျိုးသမီးဆောင်) တံခါးသော့ကို ဖျက်ဆီးခြင်း၊ စာသင်ခန်းများအတွင်းရှိ သင်တန်းသား၊ သင်တန်းသူများကို မတရားစည်းရုံးလှုံ့ဆော်ခြင်းနှင့် စာသင်ကြားနေသည့် ဆရာ၊ ဆရာမများကို ရိုင်းပြသောကိုယ်အမူအယာ၊ ရင့်သီးသော စကားလုံးများဖြင့် တာဝန်ဝတ္တရားနှောင့်ယှက်ခြင်းများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆန္ဒပြမှုများကြောင့် မန္တလေးပညာရေးကောလိပ်အတွင်းရှိ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ထိခိုက်နစ်နာမှုများရှိခဲ့သည့်အတွက် ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က မန္တလေးပညာရေးကောလိပ်တွင် ဆန္ဒပြတောင်းဆိုခဲ့သူ သုံးဦးကို ငြိမ်း/စု/စီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။

S-09