News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ် သံသယရှိသူအမျိုးသမီး နေရပ်သို့ပြန်ရောက်၊ ရွာသို့ အဝင်မခံသဖြင့် လပွတ္တာဆေးရုံတွင် ခေါ်ယူစောင့်ကြည့်
06-Feb-2020


ပုသိမ်၊ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ပိန္နဲကုန်းကျေးရွာက ကိုရိုနာဗိုင်းရပ် သံသယရှိ၍ စောင့်ကြည့်စစ်ဆေးခံပြီးသူ အသက် ၃၉ ရှိ အမျိုးသမီးတစ်ဦး သူမနေထိုင်ရာ ဇာတိရွာသို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၆ နာရီကျော်က ပြန်လည်ရောက်ရှိကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ယင်းအမျိုးသမီးသည် ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် အလုပ်သွားရောက်လုပ်ကိုင်စဉ် ဖျားနာချောင်းဆိုပြီး ဇန်နဝါရီလ ၂၁ ရက်နေ့က လွယ်ဂျယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူပြီး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်၍ နေရပ်ကိုပြန်လာကြောင်း လပွတ္တာသို့ ရောက်နေချိန်အထိ ၁၆ ရက်ကြာမြင့်ပြီဖြစ်၍ သံသယရှိ လူနာအဖြစ် သတ်မှတ်၍မရကြောင်း ရွာသူရွာသားများက ရွာတွင် နေထိုင်ရန်လည်း လက်မခံ၊ ရွာတွင်းသို့လည်း အဝင်မခံသဖြင့် ၃ မိုင်မြို့သစ်ရှိ ကုတင် ၂၀၀ ဆေး ရုံကြီးတွင် ခေါ်ယူစောင့်ကြည့်ထားကြောင်း လပွတ္တာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးက The Voice ကို ပြောသည်။

“တခြားရောဂါနဲ့ ဆေးရုံတက်ရတာပါ၊ ကိုရိုနာဗိုင်းရပ် ရောဂါပုံစံဖြစ်နေလို့ သံသယစာရင်းထဲကိုထည့်ပြီး စစ်ဆေးခံရတာပါ၊ ခုဆို ၁၄ ရက်လည်း ကျော်နေပါပြီ၊ သံသယရှိလူနာဆိုတဲ့ အွန်လိုင်းက သတင်းတွေက မှားနေပါတယ် သူ့ကိုတော့စောင့်ကြည့်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများပါဝင်သော အဖွဲ့က သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း အမျိုးသမီးသည် မကြာခဏ ချောင်းဆိုနေပြီး အားနည်းနေသည့်ပုံစံဖြစ်နေကြောင်း၊ ဆေးရုံသို့ခေါ်လာပြီး သီးသန့်ဆောင်တွင် ထားရှိကာ သက်ဆိုင်ရာ တာဝန်ရှိသူများက စောင့်ကြည့်နေကြောင်း လပွတ္တာမြို့ ကြက်ခြေနီအသင်း ဥက္ကဌ ဦးကျန်ကီးက ပြောသည်။

“ဆိုရှယ်မီဒီယာတွေအနေနဲ့ ဒီရောဂါနဲ့ပတ်သက်တဲ့ အကြောင်းအရာ အသိပညာပေး လက်ကမ်းစာစောင်တွေဖြန့်ဝေတာကို ဖတ်ရှုလေ့လာသင့်တယ် မခိုင်မာတဲ့ သတင်းမမှန်တဲ့ သတင်းတွေကို facebook ပေါ်ရေးလို့ အများပြည်သူကို ထိတ်လန့်စေတယ်ဆိုရင် ပြစ်မှုကြောင်းမြောက်တာမို့ အရေးယူခံရနိုင်တယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲအရာရှိက ဆိုသည်။

လက်ရှိအခြေအနေတွင် ယင်းအမျိုးသမီးကို လပွတ္တာ ၃ မိုင် မြို့သစ် ကုတင် ၂၀၀ ဆေးရုံကြီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့် စောင့်ရှောက်ပြီး ထူးခြားမှုရှိလာပါက ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးကို လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်း ကျန်းမာရေးဦးစီးဌာန ထံမှရသည်။

မောင်မျိုးထက် (ပုသိမ်)

 R-04

ဓါတ်ပုံ စိုးသီဟမင်း