News

POST TYPE

NEWS

တရုတ်နိုင်ငံသားများပါဝင်သည့် မိသားစုဝင် ၅ ဦး၌ ဝူဟန်ရောဂါပိုးမတွေ့၍ ဆေးရုံမှဆင်းခွင့်ပြု
06-Feb-2020

ဓာတ်ပုံ (HHM) ကျိုင်းတုံဆေးရုံကြီးတွင် ကုသနေသည့် လူနာ ၅ ဦးနှင့် ဆေးရုံတာဝန်ရှိသူများကို တွေ့ရစဉ်

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ဝူဟန်အဆုတ်ရောင်ရောဂါ သံသယဖြင့် သီးသန့်ခန်းတွင် စောင့်ကြည့်ကုသနေသော ကလေးငယ်နှင့် မိသားစုဝင် ၅ ဦး ကို ရောဂါပိုးမတွေ့ရှိ၍ ယနေ့ ( ဖေဖော်ဝါရီ ၆ ရက် ) မွန်းလွဲပိုင်းမှ ဆေးရုံမှဆင်းခွင့်ပြုပြီဖြစ်ကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပြောကြားသည်။

"ကိုယ်အပူချိန်ရှိပြီး ဖျားနေတဲ့ ကလေးငယ်လေးရဲ့နှာခေါင်းတို့ဖတ် နမူနာကို ရုံးချုပ်ပို့ပြီး စစ်ဆေးကြည့်တာမှာ ပိုးမတွေ့ဘူးလို့ မနေ့ညက အကြောင်းပြန်လာလို့ ဒီညနေ ၄ နာရီမှာ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါပြီ။ တာချီလိတ်ကနေ မန္တလေးကိုလေယာဉ်နဲ့သွားမှာမို့ မနက်ဖြန်မှာ ဆေးရုံကကားနဲ့ တာချီလိတ်ကို လိုက်ပို့မယ်"ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၌နေထိုင်သည့် အသက် ၁ နှစ်နှင့် ၂ လအရွယ် မိန်းကလေးငယ်အပါအဝင် အသက် ၂၁ နှစ်အရွယ် အဒေါ်ဖြစ်သူ၊ အသက် ၂၆ နှစ်အရွယ် မိခင်ဖြစ်သူ အပါအဝင် အသက် ၃၂ နှစ်အရွယ် တရုတ်နိုင်ငံသား ဖခင်ဖြစ်သူနှင့် အသက် ၂၉ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးတို့သည် ကျိုင်းတုံသို့လာရောက်လည်ပတ်ကြောင်း၊ မန္တလေးမြို့သို့သွားရောက်မည့် ၎င်းတို့ ၅ ဦး ကိုကျိုင်းတုံလေဆိပ်တွင် ကိုယ်အပူချိန်တိုင်းတာခဲ့ရာ တွေ့ရှိ၍ ဆေးရုံကြီးတွင် သီးသန့်ခန်းဖြင့် ကုသစစ်ဆေးထားခြင်းဖြစ်ကြောင်း ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ပြောကြားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်အဆုတ်ရောင် ကော်ရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်းများစွာတွင် ကူးစက်ပျံ့နှံ့နေရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။

မြန်မာနိုင်ငံတွင် သံသယလူနာ ၂ ဦး အပါအဝင် လူနာ ၁၀ ဦး ကို ရောဂါစစ်ဆေးကြည့်ရာ တရုတ်နိုင်ငံမှလာရောက်ခဲ့သည့် ကျိုင်းတုံမြို့မှ ကလေးငယ်အပါအဝင် ဝေဘာဂီဆေးရုံမှ ကလေးငယ်တစ်ဦး၊ လွိုင်ကော်ဆေးရုံမှ ကလေးတစ်ဦးနှင့်နေပြည်တော်ဆေးရုံမှ လူငယ်တစ်ဦးတို့တွင် ရောဂါပိုးမတွေ့ရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

R-12