News

POST TYPE

NEWS

ထိပ်တန်းလျှို့ဝှက်ကိစ္စများဆောင်ရွက်ရန် အ.ဆ.ည ညွှန်ချုပ်ကို မန္တလေးတက္ကသိုလ်ပါချုပ်အဖြစ် တွဲဖက်တာဝန်ပေး
06-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မန္တလေးတက္ကသိုလ်၏ ထိပ်တန်းလျှို့ဝှက်အဆင့်ကိစ္စများ ဆောင်ရွက်ရန် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ပါမောက္ခချုပ်အဖြစ် တွဲဖက်တာဝန်ထမ်းဆောင်စေရန် ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်လိုက်သည်။

မန္တလေးတက္ကသိုလ်၏ ထိပ်တန်းလျှို့ဝှက်အဆင့် တက္ကသိုလ်ဝင်စာမေးပွဲဆိုင် ရာလုပ်ငန်း၊ တက္ကသိုလ်၏ပညာရည်မြင့်မား ရေးလုပ်ငန်းများနှင့် တက္ကသိုလ် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းကို မိမိ၏ တာဝန်ဝတ္တရားများအပြင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ တွဲဖက်တာဝန်ထမ်းဆောင်စေလိုက်သည်ဟု ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

“ပူးတွဲတာဝန်ပေးလိုက်တာ။ နောက်ထပ်ပါချုပ် မရောက်ခင်အချိန်အထိ ပေါ့။ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပြုစုရတဲ့ကိစ္စတွေရှိလို့ပါ”ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဖေဖော်ဝါရီ ၅ ရက်တွင် အတည်ပြုသည်။

လက်ရှိ မန္တလေးတက္ကသိုလ်တွင် ပါမောက္ခချုပ် မရှိသေးဘဲ ယခင်ပါမောက္ခချုပ်မှာ Food Court ဆောက်လုပ်သည့် ကိစ္စနှင့်ပတ်သက်ပြီး အမိန့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနက အငြိမ်းစားပေးခဲ့ပြီး လက်ရှိအချိန်အထိ ပါမောက္ခချုပ်တစ်ဦးကို ထပ်မံခန့်ထားခြင်း မရှိသေးရာ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တွဲဖက်တာဝန်ပေးအပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

နှစ်စဉ်ကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မေးမြန်းသည့် မေးခွန်းများကို တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ အထင်ကရ တက္ကသိုလ်များတွင် မေးခွန်းများပြုစုခြင်း၊ အဖြေလွှာများစစ်ဆေးခြင်းလုပ်ငန်းများကို နိုင်ငံတော်အဆင့် လျှို့ဝှက်အနေနှင့် ဆောင်ရွက်လေ့ရှိသည်။

S-09