News

POST TYPE

NEWS

ပေါက်ကွဲမှုများမရှိစေရန် ရန်ကုန်တိုင်းတွင် CNG Cylinder ၈၀၀၀၀ ကျော် စစ်ဆေးပြီးစီး
06-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်များတွင် တပ်ဆင်ထားသော CNG Cylinder များ ပေါက်ကွဲမှုမရှိစေရန် Retest Factory စစ်ဆေးလျက်ရှိပြီး ယခုလက်ရှိ အလုံးရေ ၈၀၀၀၀ ကျော် စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း YRTA အဖွဲ့ဝင်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောကြားသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများမှာ တစ်နှစ်တစ်ကြိမ် စစ်ဆေးခြင်းဖြစ်ပြီး CNG Cylinder ၈၀,၀၀၀ ကျော်တွင် အောင်မြင်သည့် အလုံးရေ ၇၈,၂၈၀ လုံး ရှိပြီး ကျဆုံးသည့်အလုံးရေမှာ ၂၃၂၉ လုံး ရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

“CNG အိုးတွေမှာ ထုတ်လုပ်တဲ့ ခုနှစ်နဲ့ ဖျက်သိမ်းမယ့်ခုနှစ်တွေပါပါတယ်။ ကြိုပြီးတော့ အသိပေးထားပါတယ်။ သတ်မှတ်ကာလထက် ကျော်လွန်တဲ့အိုး ခွင့်မပြုပါဘူး။ ရပ်ခိုင်းထားတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တပ်ဆင်ထားသည့် CNG အိုးအရေအတွက် ၉ သောင်းထိရှိပြီး ၂၀၀၄ ခုနှစ်က CNG ကို သုံးစွဲခဲ့သည့် အချိန်က စတင်ကာ သဘာဝဓာတ်ငွေ့အိုး ပေါက်ကွဲမူဖြစ်စဉ် ၃ ကြိမ် ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် YBS ယာဉ်များအတွက် CNG ၃၁ ဆိုင်နှင့် တက္ကစီယာဉ်များအတွက် CNG ၁၀ ဆိုင် စုစုပေါင်း ၄၁ ဆိုင်၊ မန္တလေးတိုင်း တွင် ၂ ဆိုင်၊ ချောက်တွင် ၁ဆိုင်နှင့် ရေနံ ချောင်းတွင် ၂ ဆိုင် ဖွင့်လှစ်ထားသည်။

S-05