News

POST TYPE

NEWS

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀၀ နီးပါးရှိ၊ ဂျပန်တွင် လူ ၃၇၀၀ ကျော်ပါ ဇိမ်ခံသင်္ဘောပေါ်၌ ၁၀ ဦး ရောဂါဖြစ်ပွား
06-Feb-2020


ဘေဂျင်း၊ ဖေဖော်ဝါရီ ၅ 

တရုတ်နိုင်ငံတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ ၄၉၀ ထိ ရောက်ရှိသွားပြီဖြစ် ကူးစက်ခံရသူ ဦးရေမှာ ၂၄,၃၂၄ သို့ရောက်ရှိသွားပြီဖြစ်ကြောင်း၊ ဟောင်ကောင်တွင် ယင်းဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုဖြစ်ပေါ်ပြီးနောက် အမေရိကန်လေကြောင်းလိုင်းများက ဟောင်ကောင်သို့ပျံသန်းသည့် ခရီးစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း Reuers သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျပန်နိုင်ငံတွင်လည်း အပျော်စီး ဇိမ်ခံသင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၁၀ ဦး တွေ့ရှိခဲ့ပြီး ယင်းသင်္ဘောတစ်စင်းလုံးတွင် လိုက်ပါလာသူများကို အခြားသူများနှင့် ထိတွေ့ဆက်ဆံခွင့်မပြုတော့ဘဲ သီးသန့်ခွဲထားကြောင်း သိရသည်။ 

တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်အဆိုအရ အင်္ဂါနေ့တစ်ရက်တည်းတွင် ဝူဟန်နမိုးနီးယားဖြစ်ပွားသူ ၆၅  ဦး သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူဦးရေမှာ ၄၉၀ သို့ ရောက်ရှိသွားသည်။ သေဆုံးသူ အများစုမှာ ယင်းဗိုင်းရပ်စ်စတင်ဖြစ်ပေါ်ရာ ဗဟိုချက်ဖြစ်သော ဝူဟန်မြို့မှဖြစ်သည်။ 

လက်ရှိအနေအထားတွင် တရုတ်ပြည်မဟုတ်သော အခြားနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦး ရှိသည်။ တစ်ဦးမှာ ဟောင်ကောင်တွင်ဖြစ်ပြီး ကျန်တစ်ဦးမှာ ဖိလစ်ပိုင်တွင်ကွယ်လွန် သွားခြင်းဖြစ်ကာ ၎င်းတို့နှစ်ဦးစလုံး ဝူဟန် မြို့သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ 

ယမန်နေ့က တရုတ်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၃၈၈၇ ဦး ရှိခဲ့သည်။ 

ဂျပန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ယိုကိုဟားမားဆိပ်ကမ်းတွင် သီးသန့်ခွဲထားကာ စောင့်ကြည့်ခြင်းခံနေရသည့် ဇိမ်ခံသင်္ဘောပေါ်မှ လူ ၁၀ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရှိနေသည်ကို စမ်းသပ်စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။ 

အဆိုပါ ၁၀ ဦးကို ယင်းကူးစက် ရောဂါအထူးကြပ်မတ် ကုသပေးမည့်ဆေးရုံ သို့ပို့ကာ သင်္ဘောပေါ်တွင် ကျန်ရှိသူ ၃၇၀၀ ခန့်ကို သင်္ဘောပေါ်တွင်ပင် ဆက်လက်ထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ 

ဂျပန်ကျန်းမာရေးဝန်ထမ်းများက ဇိမ်ခံသင်္ဘောပေါ်တွင် လိုက်ပါလာသူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။ 

“ခရီးသည်တွေနဲ့ သင်္ဘောအမှုထမ်းတွေရဲ့ ကျန်းမာရေးကို ထိထိရောက်ရောက် စောင့်ရှောက်ပေးပြီး ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်အောင် အသေအချာလုပ်သွားစေချင်တယ်”ဟု ဂျပန်ကျန်းမာရေးဝန်ကြီး ကတ်ဆူနိုဘူကာတိုက မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ 

လက်ရှိအနေအထားတွင် ဂျပန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၃၃ ဦးရှိသည်ဟု အာဏာပိုင်များက ဆိုသည်။ 

အလားတူပင် ဟောင်ကောင်ဆိပ်ကမ်းတွင်လည်း World Dream ဟု အမည်ရသည့် ခရီးသည်တင်ဇိမ်ခံသင်္ဘောကြီးတစ်စီးမှ ခရီးသည်များ၊ အမှုထမ်းများနှင့်အတူ ဆိုက်ကပ်ထားရကြောင်း၊ ယင်းသင်္ဘောကို ထိုင်ဝမ်ကဝင်ခွင့်မပြုသောကြောင့် ဟောင်ကောင်သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း Hong Kong ကေဘယ်လ်တီဗီက သတင်းပေးပို့သည်။ 

အခြားသောသတင်းစုစည်းမှုများအရ တရုတ်ပြည်မကြီးမဟုတ်သော အခြားနိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသူ ၂၃၀ နီးပါးရှိကြောင်း သိရသည်။

F-01