News

POST TYPE

NEWS

ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားမှတ်ချက်အစီရင်ခံစာ ပြည်ထောင်စုနေ့မတိုင်မီ ထွက်နိုင်ဟုဆို
06-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောထားမှတ်ချက် အစီရင်ခံစာသည် ပြည်ထောင်စုနေ့မတိုင်မီ ထွက်ရှိနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

“မနေ့ကတော့ သဘောထားမှတ်ချက် အစီရင်ခံစာမူကြမ်းပေးတယ်။ ဒီနေ့တော့ ပြင်ဆင်ချင်တဲ့အချက်တွေ ပြင်ဆင်ဖို့ ဆွေးနွေးနေတယ်လို့ အကြမ်းဖျင်းသိရတယ်။ မူကြမ်းထွက်လာပြီဆိုတော့ လာမယ့်ပြည်ထောင်စုနေ့မတိုင်မီတော့ သဘောထားမှတ်ချက်အစီရင်ခံစာ ထွက်လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခုကျင်းပလျက်ရှိသော ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီက တင်သွင်းသော ဥပဒေကြမ်း ၂ ခုအပြင် တပ်မတော်နှင့် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက တင်သွင်းထားသော ဥပဒေကြမ်း ၅ ကို ဆွေးနွေးနေကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်ရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၉ နှင့် ဖေဖော်ဝါရီလ ၂၁ ရက်စွဲပါ ကြော်ငြာစာ အမှတ် ၁၆/၂၀၁၉ တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးသွားသဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၃/၂၀၂၀ ဖြင့် ရုပ်သိမ်းထားကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးထံမှ သိရသည်။

“မူကြမ်းထွက်လာပြီဆိုတော့ ၄၅ ဦး ကော်မတီကို ဖျက်လိုက်ပြီ။ သူ့ရဲ့သက်တမ်းက မူကြမ်းတင်ပြီးလို့ရှိရင် ပြီးသွားပြီ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ရှင်းပြသည်။

S-08