News

POST TYPE

NEWS

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်ရန် အမည်စာရင်းတင်သွင်း
06-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၅ 

မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်မည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း တင်သွင်းလိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအနေနှင့် မူလစစ်ဘက်ဆိုင်ရာတာဝန်များ ပြန်လည်ထမ်းဆောင်လိုပြီး ၎င်းနေရာတွင် အခြားတစ်ယောက် အစားထိုးခန့်အပ်ရန် သမ္မတထံတင်ပြခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က နေပြည်တော်သမ္မတအိမ်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲပြုလုပ်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားထားသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနေရာတွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ ယခင် အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး၏ ရဟတ်ယာဉ်မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ဗိုလ်ချုပ်လွန်းမောင်၏ သားဖြစ်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ဗိုလ်သင်တန်းအပတ်စဉ် ၆၄ သင်တန်းဆင်းဖြစ်ပြီး အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိခဲ့သူလည်းဖြစ်သည်။

တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများက အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာတွင် ၎င်းအနေနှင့် မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအနေနှင့် အစိုးရအဖွဲ့နှင့် နီးစပ်မှုရှိသည့် အတွက် အနားပေးလိုက်ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်း၏ နေရာတွင် လက်ရှိစစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်မည်ဟုလည်း သတင်းများထွက် ပေါ်နေသည်။

ပြည်ထဲရေးဝန်ကြီးကို အနားပေးလိုက်ခြင်းသည် အစိုးရအဖွဲ့နှင့် ရင်းနှီးခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ၎င်းအနေနှင့် တာဝန်မကျေခြင်း၊ သမ္မတက မကြိုက်၍ မူလတာဝန်ပြန်လည်ထမ်းဆောင်စေကာ လူစားလဲစေခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က သုံးသပ်ပြောကြားသည်။

လက်ရှိ ပြည်ထဲရေးဝန်ကြီး လက်ထက်တွင် ဝရမ်းပြေးများဖြစ်ကြသည့် ဆရာတော် ဦးဝီရသူ၊ ဘူးလက်လှဆွေ၊ အောင်ဝင်းခိုင် အစရှိသူများ မဖမ်းဆီးနိုင်သည့် ကိစ္စရပ်များရှိနေပြီး ပြည်ထဲရေးဝန်ကြီးအနေနှင့် တာဝန်ရှိသည့်အတွက် သမ္မတက ကာကွယ်ရေးဦးစီးချုပ်ထံ လူစားလဲစေခြင်းလည်း ဖြစ်နိုင်ခြေတစ်ခုအနေနှင့်ရှိကြောင်း ၎င်းက သုံးသပ်သည်။

“သူ (ကာကွယ်ရေးဦးစီးချုပ်) အနားပေးတယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ လူစားလဲတယ်ဆိုတဲ့ သဘောပါပဲ။ ဘာလို့လဲဆိုတော့ မူလစစ်ဘက်တာဝန်တွေကို ပြန်ထမ်းဆောင်ခွင့်ရမှာကိုး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က အစိုးရနဲ့ နီးစပ်သွားလို့ ပြန်ခေါ်တယ်ဆိုတာတော့ သိပ်အဓိပ္ပာယ်မရှိဘူးဗျ။ အစိုးရနဲ့ နီးစပ်သွားတော့ရော ဘာဒုက္ခပေးနိုင်မှာလဲ။ ပြည်ထဲရေးဝန်ကြီးတစ်ယောက်က ဘာမှထူးထူးခြားခြား ဒုက္ခပေးနိုင်စွမ်းမရှိဘူး။ အဓိကကတော့ ပြည်ထဲရေးဌာနက ဆောင်ရွက်မှုတွေနဲ့ တာဝန်မကျေလို့က ပိုဖြစ်ဖို့များတယ်”ဟု ဦးရဲထွန်း (သီပေါ) ကဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ခန့်အပ်တာဝန်ပေးခံရသူဖြစ်ပြီး ၎င်းအနေနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက် နေ့မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုသည် သမ္မတ ဦးသိန်းစိန် သက်တမ်းတစ်လျှောက်လုံးဖြစ်သည့် ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ လက်ထက်တွင်မှ အစိုးရသက်တမ်းမပြည့်မီ ပြည်ထဲရေးဝန်ကြီးတာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် တပ်မတော်တွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် စသည့်တာဝန် များကိုလည်း ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ လက်ထက် ၂၀၁၈ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ထားခဲ့သည်။

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ အသီးသီး ရှိနေသည်။

S-04