News

POST TYPE

NEWS

ကျောင်းသားများကို ခြိမ်းခြောက်ဖိအားပေးခြင်းများ မပြုလုပ်ရန် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား
06-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ပညာရေးတက္ကသိုလ်နှင့်ကောလိပ်မှ ကျောင်းသားကျောင်းသူများကို ခြိမ်းခြောက်ဖိအားပေးခြင်းများ မပြုလုပ်ရန်  အဆင့်မြင့်ပညာဦးစီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ညွှန်ကြားလိုက်သည်။

ပညာရေးတက္ကသိုလ်နှင့်ပညာရေးကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ ပညာရေးဆိုင်ရာလှုပ်ရှားမှုများ နှင့်ပတ်သက်ပြီး သက်ဆိုင်ရာကျောင်းအာဏာပိုင်များက အမှတ်လျှော့မည်ဟု ခြိမ်းခြောက်ဖိနှိပ်မှုများပြုလုပ်ခြင်း၊ မိဘများအား အကြောင်းကြား ဖိအားပေးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည့်အတွက် သက်ဆိုင်ရာကျောင်းအုပ်များအနေနှင့် ယင်းကဲ့သို့မပြုလုပ်ရန် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားလိုက်ခြင်းလည်းဖြစ်သည်။ 

"ဒီလိုမျိုးတွေရှိလာတယ်လို့ သူတို့ကပြောလာတဲ့အတွက် မလုပ်ဖို့စာထုတ်ပေးလိုက်တာ။သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေကိုလည်း ပြောပြီးသွားပြီ" ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောသည်။

မန္တလေးတက္ကသိုလ်တွင် ကျောင်းသားများ သပိတ်မှောက်သည့်ကိစ္စနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးတက္ကသိုလ်၊ ကောလိပ်များတွင် ပြုလုပ်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများ၊ ကျောင်းလိုအပ်ချက်တောင်းဆိုဆန္ဒပြမှုများတွင်  ကျောင်းအချို့မှ ကျောင်းအုပ်ကြီးများသည် ဆန္ဒပြကျောင်းသားကျောင်းသူများကို ဖိအားပေးခြိမ်းခြောက်မှုများရှိကြောင်း ကျောင်းသားသမဂ္ဂများက ၎င်း တို့၏ကြေညာချက်များတွင် ထည့်သွင်းဖော်ပြပြီး မပြုလုပ်ရန် ကန့်ကွက်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

၎င်းအခြေအနေများ မဖြစ်ပေါ်စေရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာနအနေနှင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

စာမေးပွဲအချိန်များ ပြောင်းလဲမှုများနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံ ညှိနှိုင်းမှုအရ  ပြန်လည်ပြောင်းလဲပြင်ဆင်ပေးလိုက်သည့်အတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှုများနှင့် လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုများကို ယာယီရပ်နားလိုက်ပြီဖြစ်သည်။

S-09