News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်အသိပညာပေးလုပ်ငန်းများ အခြေခံပညာကျောင်းများတွင်လုပ်ဆောင်ရန် ညွှန်ကြား
06-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက အကြောင်းကြားထားကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင် ရောဂါကာကွယ်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပြီး ၎င်းရောဂါနှင့်ပတ်သက်သည့် အသိပညာပေးရေးအစီအစဉ်များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို စီစဉ်ညွှန်ကြားပေးရန် အခြေခံပညာဦးစီးဌာနကို အကြောင်းကြားလိုက်ခြင်းလည်းဖြစ်သည်။ 

အဆိုပါ အကြောင်းကြားချက်အရ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးအစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် ခရိုင်၊ မြို့နယ်များမှတစ်ဆင့် အခြေခံပညာကျောင်းများသို့ အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ ဖေဖော်ဝါရီ ၅ ရက်အထိ နှစ်သောင်းကျော်မြင့်တက်လာသလို သေဆုံးသူအရေအတွက်မှာလည်း ၅၀ဝ နီးပါးအထိ ရောက်ရှိလာကြောင်း ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံမှ ပြန်လည်ဆင်းသက်ခွင့်ရရှိသူမှာ ၉၀ဝ နီးပါးရှိလာပြီဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံသယလူနာ ၂ ဦးအပါအဝင် စုစုပေါင်း လူနာ ၈ ဦးကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များရှိ ဆေးရုံများတွင် ကုသမှုများပြုလုပ်ပြီး စောင့်ကြည့်မှုများပြုလုပ်လျက်ရှိသည်။

S-09