News

POST TYPE

NEWS

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ သဘောတူ
06-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၅ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ကို သဘောတူကြောင်း ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

"ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှာကို သဘောတူပါတယ်။နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက်ပဲ ပြင်ပါ့မယ်။အဖွဲ့အစည်းတစ်ခု ကောင်းစားဖို့၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် လူမျိုးစုတစ်စု ကောင်း စားဖို့အတွက်ပြင်ဖို့တော့ သဘောမတူပါဘူး" ဟု၎င်းကဆိုသည်။

ရန်ကုန်မြို့ Melia Hotel တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာကြောင့်ပြင်မှာလဲ၊ ဘယ်လိုပြင်မှာလဲ ခေါင်းစဉ်ဖြင့်ဆွေးနွေးသော စကားဝိုင်းတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်နှင့် နိုင်ငံအတွင်းနေထိုင်သူ ပြည်သူ ၅၂ သန်းကျော်၏ အကျိုးစီးပွားအတွက် ပြင်ဆင်လိုခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာထိခိုက်စေပြီး လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ ပျောက်ပျက်သွားသည်နိုင်ကို ကာကွယ်ရန်ပြဋ္ဌာန်းသည့်ပုဒ်မ ၉၅ ခုသည် ပြင်ဆင်ရန်ခက်ခဲပြီး လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူထက်ဝက်ကျော်က ထောက်ခံရန်လိုအပ်ကြောင်း၊ ကျန်သည့် ပုဒ်မ ၃၆၂ ခုသည် ပြင်ဆင်ရလွယ်ကူပြီး လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက သဘောတူလျှင် ပြင်ဆင်နိုင်သည်ဟု  ပြဋ္ဌာန်းထားကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။



"ပြင်ရခက်အောင်လုပ်ထားတဲ့ ပုဒ်မ ၉၅ ခုကို လေ့လာကြည့်ရင် နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ထားခြင်း၊ လူမျိုးတွေရဲ့ အမျိုးသားရေးယဉ်ကျေးမှု၊ ဓလေ့စရိုက်လက္ခဏာတွေကို ကာကွယ်ထားခြင်း၊ နိုင်ငံခေါင်းဆောင်ဖြစ်လာမယ့်လူဟာ နိုင်ငံသားစစ်စစ်၊ တိုင်းရင်းသားစစ်စစ် ဘာအချုပ်အနှောင်မှမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်စေခြင်း၊ အဲဒီအကြောင်းတရားအားလုံးကို ချုပ်ကိုင်ထားခြင်းဖြစ်ပါတယ်" ဟု ၎င်းကပြောဆိုသည်။

ပြင်ဆင်လို့မရသည့် အခြေခံဥပဒေကမ္ဘာတွင်မရှိဘဲ အခြေခံဥပဒေထဲတွင် ဘယ်ပုံဘယ်နည်းဖြင့် ပြင်ဆင်ရမည်ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ယင်းပြဋ္ဌာန်းထားသည့်အချက်ကို ကျော်လွန်ပြီးလုပ်ဆောင်ပါက တိုင်းပြည်အတွက် မကောင်းနိုင်ကြောင်း၊ လွယ်လွယ်ကူကူ ပြင်ဆင်၍ရသည့်အချက်များကို အရင်ဦးစွာပြင်ဆင်ရမည်ဖြစ်ကြောင်း ဥပဒေပညာရှင် ဒေါက်တာအင်ဒရူးငွန်ကျုံးလျန် က သုံးသပ်ပြောကြားသည်။ 

S-08