News

POST TYPE

NEWS

အင်တာနက်လိုင်းများဖြတ်တောက်ပြီးနောက် တပ်မတော်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု AA ထုတ်ပြန်
05-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ 

ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်ကို အင်တာနက်လိုင်းများ ထပ်မံရပ်ဆိုင်းလိုက်ပြီးနောက် မြန်မာ့တပ်မတော်က AA လက်နက်ကိုင်အဖွဲ့ကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက် ညပိုင်းတွင် AA လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ AA လက်နက်ကိုင်အဖွဲ့ဝင်များရှိသော တပ်စခန်းများကို မြန်မာ့တပ်မတော် ခမရ (၅၃၇) တပ်ရင်း၊ ရေစိုးချောင်းဗျူဟာ၊ ဇက်သဘော၊ အမြန်စက်တပ်စက်လှေ (speed Boart)၊ ရဟတ်ယာဉ် (၂) စီး၊ စက်သေနတ်များဖြင့် ဖေဖော်ဝါရီ ၄ ရက် နေ့လည် ၂ နာရီ ၂၃ အချိန်ခန့်ထိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ”လေယာဉ်တွေနဲ့ ပစ်တယ်ကြားတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ရွာတွေပေါ်ကျတယ်လို့ ကျေးရွာသားတွေက ပြောတယ်။ လေယာဉ်ဆိုတာဘယ်သူ့မှာမှမရှိတာ။ လေယာဉ်နဲ့ပစ်ကတည်းက ဘယ်ကပစ်တယ်ဆိုတာ အားလုံးသိပါတယ်။”ဟု မှတ်ချက်ပေးသည်။ 

လက်နက်ကြီးများသည် ရသေ့တောင်မြို့နယ်အတွင်းရှိ မညင်းတောင်ကျေးရွာ၊ ကျောက်ရံသာစည် ကျေးရွာ၊ အမျှတောင်ကျေးရွာ၊ ကုန်တန်းကျေးရွာ၏ အနောက်ဖက်တောစပ်နှင့် အုန်းတော (ဓနိတော) များ အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အတွက် မြန်မာ့တပ်မတော်၏ မည်သည့်တပ်ရင်းကိုမဆိုလက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း AA လက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်တွင် ဖော်ပြထားသည်။ 

ရခိုင်ပြည်နယ်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ဖေဖော်ဝါရီ ၃ ရက် ည ၉ နာရီအချိန်က အင်တာနက်လိုင်းများရပ်ဆိုင်းထားသည်။ 

နှင်းနုဝင်း