News

POST TYPE

NEWS

ဒဂုံမြို့သစ်အရှေ့ပိုင်း နှင့် တောင်ပိုင်းတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမည့် Smart and Eco City တည်ထောင်မည်
27-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် နှင့်တောင်ပိုင်းမြို့နယ်များတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့် Smart and Eco City စီမံကိန်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော် ကပြောကြားသည်။

"ဒီစီမံကိန်း စတင်နိုင်ရင် နိုင်ငံတော်အတွက် အခွန်တွေရမယ်၊ စက်မှုဇုန်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အတွက် စက်မှုကဏ္ဍ၊ ပို့ကုန်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်တွေမှာ  ပိုပြီးတိုးတက်လာမယ်" ဟု ဝန်ကြီးက ဇန်နဝါရီ ၂၅ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစီမံကိန်းကို ဒဂုံအရှေ့ပိုင်းမြို့နယ်နှင့် ဒဂုံတောင်ပိုင်းမြို့နယ်ရှိ လေးထောင့်ကန်ကျေးရွာအနီး မြေဧက ၂၀ဝ၀ ကျော်ပေါ်တွင် လုပ်ငန်းတည်ဆောက်မည်ဖြစ်သည့်အတွက် အလုပ်အကိုင်ပေါင်း ၃၃,ဝ၀ဝ ကျော်ရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။ 

စီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀ ရာခိုင်နှုန်းနှင့်  Amata Asia (Myanmar) Limited မှ ၈၀ ရာခိုင်နှုန်းဖြင့် နှစ်ဦးသဘောတူ ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်းကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှသိရသည်။ 

Yangon AMATA Smart and Eco City Limited တို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နှစ် ၅၀ နှင့် ၁၀ နှစ် ၂ ကြိမ် သက်တမ်းတိုးနိုင်သည့် မြေငှားစာချုပ်ကိုလည်း ဆက်လက်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်

Yangon AMATA Smart and Eco City (YASEC) စီမံကိန်း၏ အခြေခံအဆောက်အဦ တည်ဆောက်ရေးအတွက်အထောက်အကူပြုမည့် လုပ်ငန်းများတည်ဆောက်ရန်အတွက် နိုင်ငံတကာမှ မဟာဗျူဟာမိတ်ဖက်အဖွဲ့အစည်းများဖြင့် စက်မှုဆိုင်ရာဓာတ်ငွေ့ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်လုပ်ငန်းများ၊  လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးအထောက်အကူပြု ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများနှင့်နိုင်ငံတကာအဆင့်မီ အသက်မွေး ဝမ်းကျောင်းပြုသင်တန်းကျောင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

မြန်မာနိုင်ငံသည် Yangon Amata Smart and Eco City အတွင်း တည်ဆောက်မည့် ကုန်ထုတ်လုပ်မည့်စက်ရုံများမှ ရရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၅ ဘီလီယံ ရှိနိုင်ရန် မျှော်မှန်းထားနိုင်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပေါ် အခြေခံသည့်စီမံကိန်း၏ ပထမအဆင့် ဧက ၂၀ဝ၀ သည် ၅ နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကာ ယခုနှစ် ပထမသုံးလအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေသန့်စင်စက်ရုံများ စတင်မည်ဖြစ်ကြောင်း YASEC စီမံကိန်းထံမှ သိရသည်။ 

ပြည့်ဖြိုးမြင့်မွန်