News

POST TYPE

NEWS

အခြေခံပညာစာမေးပွဲများ မူလအတိုင်း ပြန်ကျင်းပမည်ဆိုသည့်သတင်း ကောလာဟလဟုဆို
27-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၆

အခြေခံပညာအတန်းများ၏ စာမေးပွဲအချိန်များကို ယခင်နှစ်များကအတိုင်း ပြန်လည်သတ်မှတ်မည် ဆိုသည့် သတင်းများအပေါ် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ငြင်းဆိုလိုက်သည်။

ပညာရေးဝန်ကြီးဌာနက ၂၀၁၉-၂၀ ပညာသင်နှစ်အတွက် ထုတ်ပြန်ထားသည့် အခြေခံပညာအတန်းစာမေးပွဲ အချိန်စာရင်းများကို ကန့်ကွက်မှုများကြောင့် ပြန်လည်ပြင်ဆင် သတ်မှတ်မည်ဟု ပညာရေးဝန်ထမ်းများအကြားတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းကစတင်ကာ ပျံ့နှံ့လျက်ရှိသည့်အတွက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းထံ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆက်သွယ်မေးမြန်းရာ ပြန်လည်ပြင်ဆင်သတ်မှတ်မည်ဆိုခြင်းမှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

“မဟုတ်ပါဘူး။ သူတို့ဖြစ်စေချင်တဲ့အတိုင်း ပြောနေကြတာ ဖြစ်မှာပေါ့” ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးကိုလေးဝင်းက The Voice သို့ အတည်ပြုပြောကြားသည်။

အခြေခံပညာအတန်းများ၏ စာမေးပွဲများကို ပညာရေးဝန်ကြီးဌာနက ပြန်လည်ပြင်ဆင် သတ်မှတ်မည်ဟုဆို ခြင်းအပေါ်တွင် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးရုံးများထံ ညွှန်ကြားချက် ဝင်ရောက်မှုရှိမရှိကို ထပ်မံဆက်သွယ်မေး မြန်းရာတွင်လည်း ၎င်းရုံးများထံကိုလည်း ညွှန်ကြားချက်များ ဝင်ရောက်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

“ပြန်ပြောင်းမယ်ဆိုတဲ့စာတော့ မဝင်သေးပါဘူး။ မူလသတ်မှတ်ထားတဲ့အတိုင်း မတ်လ ၂၅ ရက်နေ့အထိ အပြီး စစ်ရမယ်ဆိုတဲ့အတိုင်းပါပဲ” ဟု ဟင်္သာတ ခရိုင်ပညာရေးမှူး ဦးမြင့်ဝင်းကပြောသည်။

လက်ရှိထုတ်ပြန်ထားသည့် စာမေးပွဲအချိန်စာရင်းများအပေါ် ကန့်ကွက်နေသည့် အဖွဲ့အစည်းများ၏ ကိုယ်စားပြုမှုအပေါ် ညွှန်ကြားရေးမှူးချုပ်က မေးခွန်းထုတ်ထားပြီး မြန်မာနိုင်ငံတွင်ရှိသည့် ဆရာ၊ ဆရာမ လေးသိန်းခုနစ်သောင်းကျော် ကန့်ကွက်မှသာ ပြန်လည်ပြင်ဆင်ရန် စဉ်းစားမည်ဟု ပြောကြားထားသည်။

အောင်သက်ကို