News

POST TYPE

NEWS

ကားပြပွဲတွင် ၁၀ ရာခိုင်နှုန်း ငွေပေးချေခြင်းဖြင့် အရစ်ကျဝယ်နိုင်မည်
27-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၆

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်ပြုလုပ်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲ (Yangon International Motor Show) တွင်  ၁၀ ရာခိုင်နှုန်း လက်ငင်းငွေပေးချေခြင်းဖြင့် ကားအသစ်များကို အရစ်ကျဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။

ကား Brands ၁၅ ခုအထိပါဝင်မည့် အဆိုပါကားပြပွဲကို မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်၊ မော်တော်ယာဉ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးစနစ်၊ လမ်းစနစ်နှင့် ကိုက်ညီသည့် ဘယ်မောင်းစနစ်ယာဉ်များ ကောင်းမွန်တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

CB Bank နှင့်ချိတ်ဆက်၍ ငါးနှစ် တာအစီအစဉ်ဖြင့် ဝယ်ယူမည်ဆိုပါက လအလိုက် အသက်သာဆုံးနှုန်းထားနှင့် ကားဝယ်ယူနိုင်မည်ဖြစ်ကာ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းဖြစ်သည်။

ပြပွဲတွင် Brands ၁၅ ခု ဖြစ်သည့် BMW? Brilliance၊ DFM၊ Ford၊ Fuso၊ GAC၊ Jaguar၊ Land Rover၊ Mazda၊ Mercedes– Benz၊ Nissan၊ Scania၊ Suzuki၊ Toyota၊ Volvo တို့မှ နောက်ဆုံးပေါ်ကားသစ်များ၊ နောက်ဆုံးပေါ်နည်းပညာနှင့် ဖန်တီးမှုများစွာကို ကြည့်ရှုခံစားရမည်ဖြစ်သည်။

ထို့ပြင် ပြပွဲကို လာရောက်ကြမည့်သူများအနေနှင့် စာရင်းသွင်းရန် ကောင်တာတွင် မေးခွန်းအချို့ဖြေကြားရုံဖြင့် နောက်ဆုံးပေါ်စမတ်ဖုန်းများကို ရရှိနိုင်မည့် Lucky Draw Campaign အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

ယခုကျင်းပမည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို GPI Myanmar Company Ltd. နှင့် မြန်မာနိုင်ငံ မော်တော်ယာဉ်အသင်းတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နောက်ဆုံးပေါ်ကားသစ်များနှင့် ကမ္ဘာ့ထိပ်တန်းကားအမျိုး အစား ၁၅ မျိုး ပါဝင်ပြသမည်ဖြစ်သည်။

အဆိုပါကားပြပွဲကို ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center တွင် လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက် အထိ ကျင်းပမည်ဖြစ်သည်။

ဆက်နိုင်