News

POST TYPE

NEWS

ကျောင်းတက်ရက်တိုးလာသဖြင့် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါအချို့ ငွေပိုကောက်ရန်ပြင်
22-Jan-2020
ထားဝယ်၊ ဇန်နဝါရီ ၂၂

အခြေခံပညာကျောင်းများ၏ ကျောင်းဖွင့်ရက်ကို မတ်လအထိ သတ်မှတ်ခဲ့ခြင်းကြောင့် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါကြေးများ တိုးကောက်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါတည်ထောင်သူအချို့ထံမှ သိရသည်။

ကျောင်းတက်ရက်ပိုများလာသဖြင့် ကျောင်းသူ၊ ကျောင်းသားများ၏ ဝန်ဆောင်မှုစရိတ်များအတွက် မိဘများနှင့် ပြန်လည်ညှိနှိုင်းကာ ပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ပြည်ဇေယျာစိုး ဘော်ဒါတည်ထောင်သူ ဦးသန်းဝင်းက ပြောကြားသည်။

“အရင်တုန်းက အတန်းငယ်ပြီးရင် ဆယ်တန်းမျှပဲရှိတယ်၊ အတန်းငယ် မရှိတော့ဘူးဆို ဆယ်တန်းကိုပဲ အဓိကထားလုပ်ပေးလို့ရတယ်၊ ခုက သူတို့ကိုပါ လိုက်ထိန်းရမယ်ဆိုတော့ တို့မှာ ပိုပင်ပန်းသွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ကျောင်းဖွင့်စက ဖေဖော်ဝါရီလအတွက်ထိသာ ဝန်ဆောင်ခတွက်ချက်ယူထားသော်လည်း ယခုအခါ မတ်လအထိ ကျောင်းတက်ရမည်ဖြစ်သောကြောင့် ဘော်ဒါအဆောင်ငှားရမ်းခများ၊ ဆရာငှားရမ်းသင်ကြားခများ၊ ကျောင်းသားများအတွက် စားစရိတ်များ ပိုလာမည်ဖြစ်ကြောင်း ဘော်ဒါလုပ်ငန်းရှင်အချို့က ရှင်းပြသည်။

“မိဘတွေကိုတော့ နှစ်စကတည်းက ညှိနှိုင်းထားတယ်၊ အခုက ကျောင်းသားတွေကိုပဲ နည်းနည်းပြောထားတာပဲ ရှိသေးတယ်” ဟု ပညာမြင့်မိုရ်ဘော်ဒါတည်ထောင်သူ ဦးထွန်းရီက ဆိုသည်။

အချို့ကျောင်းများကမူ မိဘများအတွက် ဝန်ပိမည်စိုးသောကြောင့် ကျောင်းမှပင် စိုက်ရန် စီစဉ်နေသည်။

“လာမယ့်နှစ်မှာ အခုမျိုး မတ်လမှ စာမေးပွဲဖြေရမယ်ဆိုရင် ဈေးတက်မယ်၊ ကျန်ကျောင်းတွေ ဘော်ဒါတွေအားလုံးလည်းပဲ သေချာပေါက်တက်လိမ့်မယ်၊ ဒါလည်း ပညာရေးအတွက်ကြည့်မယ်ဆိုရင် ဆိုးကျိုးတစ်ခုပဲဆို ပြောနိုင်တယ်” ဟု D-PEN ကိုယ်ပိုင်ကျောင်းတည်ထောင်သူတစ်ဦးဖြစ်သော ဦးကျော်က ဆိုသည်။ ဦးကျော်ကမူ မိဘများငြိုငြင်မည်စိုးသောကြောင့် ကျောင်းမှ စိုက်ထုတ်ရန် အနေအထားရှိသည်ဟု ဆိုသည်။ 

ထားဝယ်တွင် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါထားသည့် မိဘများမှာ လူလတ်တန်းစားများဖြစ်သောကြောင့် မတ်လအထိ ကျောင်းဖွင့်ရက်အတွက် မိဘများအတွက် အခက်အခဲရှိသွားနိုင်ကြောင်း သုံးသပ်သူများ ရှိသည်။ 

“တိုးပြီးပေးရမယ်ဆိုလည်း ပေးရမှာပေါ့၊ ကိုယ့်ကလေးက ထားထားပြီးပြီကိုး” ဟု ထားဝယ်မြို့မှ ဒသမတန်းကျောင်းသူ၏ မိခင် ဒေါ်ယဉ်ယဉ်နွဲ့က ပြောသည်။

ထားဝယ်မြို့တွင် အဋ္ဌမတန်းမှ ဒသမတန်းအထိ ဘော်ဒါနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းသားတစ်ဦးလျှင် တစ်နှစ်စာအတွက် ငွေကျပ် ဆယ်သိန်းမှ သိန်း ၂၃ သိန်းအထိရှိပြီး ကျောင်းအနေအထားနှင့် ဝန်ဆောင်မှုများအရ ဈေးအမျိုးမျိုးရှိသည်။ 

Dawei Watch