News

POST TYPE

NEWS

သတင်းအတုနှင့် အမုန်းစကားများ တိုက်ဖျက်ရန်လိုအပ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌပြော
21-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၁

လာမည့် ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်လာမည့် သတင်းအတုများ၊ အမုန်းစကားပြောဆိုမှုများကို ပူးပေါင်းတိုက်ဖျက်သွားရန် လိုအပ်ကြောင်း ဥက္ကဌ ဦးလှသိန်းကပြောကြားသည်။

ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင်ကျင်းပသည့် အမုန်းစကားသတင်းတု သတင်းမှားများ တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးလှသိ်န်းက ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

သတင်းစကားအတု အမုန်းစကားများ မပြောရန် တစ်ဦးကောင်းတစ်ယောက်ကောင်း အဖွဲ့အစည်းတစ်ခုကောင်းနှင့်မရဘဲ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်နေသူမှန်သမျှက အမှန်တရားကိုလက်ခံပြီး တိုက်ဖျက်ရန်လိုကြောင်း ဦးလှသိန်းက ဆက်လက်ပြောကြားသည်။

“ဒီသတင်းစကားအတုတွေ အမုန်းစကားတွေမပြောအောင် ဘယ်သူတွေက ထိန်းချုပ်မလဲ ကော်မရှင်အဖွဲ့ခွဲနဲ့တော့မရဘူး ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ပတ်သက်နေတဲ့ နိုင်ငံရေးပါတီ တစ်ခုတည်းနဲ့လည်း မရဘူး အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်းမရဘူး။ မဲဆန္ဒရှင်တွေနဲ့မရဘူး စုပေါင်းပြီးတော့ အမှန်တရားနဲ့ ထိန်းချုပ်ထားမှရမယ်။ဆိုလိုချင်တာက တစ်ဦးကောင်းတစ်ယောက်ကောင်း အဖွဲ့အစည်း တစ်ခုကောင်းနဲ့မရဘူး။ State Holders ပေါ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်နေသည့်သူမှန်သမျှက အမှန်တရားကိုလက်ခံ ပြီးတော့ အမုန်းစကားတွေ သတင်းတုတွေကို တိုက်ဖျက်ဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင်လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သတင်းမီဒီယာများလိုက်နာရမည့် လိုက်နာရမည့်ကျင့်ဝတ်များကို ရေးဆွဲနေပြီး ကော်မရှင်အနေနှင့်လည်း အသိပေးချက် ညွှန်ကြားချက်များကို ရုပ်မြင်သံကြား၊ သတင်းစာ၊ ကော်မရှင် ဝက်ဆိုက်မှတစ်ဆင့် ထုတ်ပြန်နေကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပရန်ရှိနေပြီး ရွေးကောက်ပွဲကျင်းပမည့်ကာလကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် တရားဝင်ကြေညာရခြင်း မရှိသေးပေ။

မင်းသုခိုင်