News

POST TYPE

NEWS

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၁၅ ရက်ဝန်းကျင်တွင် ထုတ်ပေးမည်
20-Jan-2020
ဓာတ်ပုံ-မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

ရန်ကုန်၊ ဇန်နဝါရီ ၁၉

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၁၅ ရက်ဝန်းကျင်တွင် ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်တင်ပြထားသည့် ကျောင်းသား ကျောင်းသူမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းဖြေ ငါးသိန်းကိုးသောင်းကျော် ၊ ပြင်ပဖြေ သုံးသိန်းခုနစ်သောင်းကျော် စုစုပေါင်း ကိုးသိန်းခုနစ် သောင်းကျော်ရှိပြီး ၎င်းတို့၏ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၅ ရက် နေ့ဝန်းကျင်တွင် ထုတ်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

"ဖေဖော်ဝါရီ ၁၅ ရက်နေ့ ဝန်းကျင်လောက် ထုတ်ပေးနိုင်အောင်လုပ်နေပါတယ်။မနှစ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာထုတ်ပေးတယ်။ ၈ ရက်နေ့မှာ သတင်းစာမှာ ကြေညာတယ်။ဒီနှစ်လည်း အဲဒီအချိန်လောက် ထုတ်ပေးနိုင်မှာပါ" ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမျိုးညွှန့် ကပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ကျောင်းမှဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနများတွင် ထုတ်ယူရမည်ဖြစ်ကြောင်း၊ ပြင်ပဖြေကျောင်းသား ကျောင်းသူများသည် ဖြေဆိုခွင့် တင်ပြခဲ့သည့် မြို့နယ်ပညာရေးမှူးရုံးများတွင် ထုတ်ယူရမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုမည့် ကျောင်းသားကျောင်းသူ နှစ်သိန်းတစ်သောင်းကျော်၊ ဝိပ္ပံဘာသာတွဲဖြင့် ဖြေဆိုမည့်ကျောင်းသားကျောင်းသူ ငါးသိန်းရှစ်သောင်းကျော်၊ ဝိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ တစ်သိန်းခုနစ်သောင်းကျော်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာနပေါင်း ၁၉၀ဝ ကျော်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး နိုင်ငံခြားစာစစ်ဌာန ၁၅ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ကျော်လည်း ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။

အောင်သက်ကို