News

POST TYPE

NEWS

ရိုးမမာရသွန်ပြိုင်ပွဲတွင် အပြေးသမား ၁၁,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကင်ညာနိုင်ငံသား ဗိုလ်စွဲ
20-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၁၉

(၈) ကြိမ်မြောက် ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ရိုးမအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား အပြေးသမားပေါင်း ၁၁,၀၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း Yoma Strategic Holdings Ltd. မှ သိရသည်။

အဆိုပါပြိုင်ပွဲကို Yoma Strategic Holdings Ltd. (Yoma Strategic), First Myanmar Invest-ment Public Company Limited (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့က ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အပြေးသမားပေါင်း ၉၀၀၀ ယှဉ်ပြိုင်ခဲ့ရာ က ယခုနှစ်တွင် ၁၁,၀၀၀ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းမာရသွန်အပြည့် အမျိုးသားပြိုင်ပွဲတွင် ကင်ညာနိုင်ငံမှ Philip Lagat ပထမဆုအဖြစ် ဒေါ်လာ ၂၇၀၀၊ မြန်မာနိုင်ငံမှ ကိုဌေးကိုက ဒုတိယဆုအဖြစ် ဒေါ်လာ ၁၄၀၀ မြန်မာနိုင်ငံမှ ကိုဇော်သွယ်ဝင်းက တတိယဆုအဖြစ် ဒေါ်လာ ၉၀၀ ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မာရသွန် အပြည့် ၄၂ ကီလိုမီတာ၊ မာရသွန်တစ်ဝက် ၂၁ ကီလိုမီတာ၊ စိန်ခေါ်မာရသွန် ၁၀ ဒသမ ၅ ကီလိုမီတာနှင့် ၃ ကီလိုမီတာ အပျော်တမ်း အပြေးနှင့် လမ်းလျှောက်ပြိုင်ပွဲများတွင် အပြေးသမားပေါင်း ၁၁,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကာ ပါဝင်ယှဉ်ပြိုင်သူအများဆုံးဖြင့် စံချိန်ချိုးခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါပွဲကျင်းပရေး ကော်မတီထံမှသိရသည်။

ယင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁၉ ရက် က ရန်ကုန်မြို့ သုဝဏ္ဏဘူမိမှစတင်ခဲ့ပြီး ရန်ကုန်မြို့တွင်းရှိ လမ်းပိုင်းပေါင်း ၂၉ ခု တွင် နံနက် ၅ နာရီမှ စတင်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပြိုင်ပွဲကြောင့် ရန်ကုန်မြို့ တွင်း လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့်အတွက် ခရီးသွားများနှင့် အငှားယာဉ် မောင်းနှင်သူများက နှစ်စဉ်ဝေဖန်ခဲ့ကြသည်။

ပြည့်ဖြိုးမြင့်မွန်