News

POST TYPE

NEWS

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မတ်လအတွင်း ကျင်းပမည်
20-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၉

၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လာမည့် မတ်လအတွင်း ကျင်းပပြုလုပ်ရန် သဘောတူထားကြောင်း အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို လာမည့် ဧပြီလမကုန်မီ (လေးလအတွင်း) ကျင်းပသွားရန် ပြီးခဲ့သည့် JICM အစည်းအဝေးတွင် သဘောတူထားခဲ့ပြီး ညီလာခံမတိုင်မီ ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည့်အချိန်နှင့် ပတ်သက်၍ လာမည့်မတ်လလယ်ခန့်မှ မတ်လကုန်ပိုင်းအတွင်း ကျင်းပသွားရန် အကြမ်းဖျင်းလျာထားပြီး အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့များ လာမည့် ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် တရားဝင်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း (NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်) က ပြောကြားသည်။

ထို့ပြင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည်ဆိုပါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို မလွဲမသွေ ပြုလုပ်သွားရမည်ဖြစ်ပြီး လူထုတွေ့ဆုံပွဲများ အကြောင်းအရာအလိုက်၊ ဒေသအလိုက် ဆွေးနွေးပွဲများ NCA စာချုပ်အရ ကျင်းပပြုလုပ်ရန် လိုအပ်နေကြောင်း NCA လက်မှတ်ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောကြားသည်။

“ဒါကြောင့် ဒီဆွေးနွေးပွဲတွေ ကျင်းပဖို့ လိုအပ်တာဖြစ်တဲ့အတွက် ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ညှိနှိုင်းရေးအဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်ဘက်က ညှိနှိုင်းရေးအဖွဲ့တွေက မကြာခင်မှာ ညှိနှိုင်းဆွေးနွေးလိမ့်မယ်။ ဒီနှစ်ဖက် ညှိနှိုင်းရေး အဖွဲ့တွေက ညှိနှိုင်းဆွေးနွေးပြီးရင် ဒါတွေဟာ မလွဲမသွေ ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းနေတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မကျင်းပမီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အပစ်ရပ် လက်မှတ်ထိုးထားသည့် ဒေသအလိုက် ကျင်းပပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းကလည်း ယင်းဆွေးနွေးပွဲများ ကျင်းပထားခဲ့သည်။

J-08