News

POST TYPE

NEWS

စည်းကမ်းမဲ့ ဟွန်းရှည်တီးသူများကို ဒဏ်ငွေအပြင်လိုင်စင်တစ်နှစ်ပိတ်မည်
20-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်မြို့တွင်း၌ စည်းကမ်းမဲ့ဟွန်းရှည်တီးသူများကို ဒဏ်ကြေးငွေအပြင် ယာဉ်မောင်းလိုင်စင်ကို တစ်နှစ်အထိ ပိတ်သိမ်းမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှသိရသည်။

"သူတို့ကို ဟွန်းမတီးရဘူးလို့ မပြောဘူး။ဒါပေမဲ့ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင် အသံဆူညံစွာနဲ့ ဟွန်းရှည်တီးရင်တော့ အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။အရင်တုန်းကလည်း ဖမ်းဆီးအရေးယူခဲ့တာရှိခဲ့တယ်။ကားအရေအတွက်ကနည်းတော့ လူတွေသိပ်မသိဘူး။အခုက ယာဉ်အစီးရေကလည်း များလာတော့ ဖမ်းဆီးအရေးယူလိုက်တဲ့အခါမှာ လူတွေကပြောကြတာ" ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဟွန်းမတီးရဟု သတ်မှတ်မထားသော်လည်း ဟွန်းရှည်တီးခြင်းကို ခွင့်ပြုထားခြင်းမရှိဘဲ စည်းကမ်းမဲ့ ဟွန်းရှည်တီးခြင်းကို စစ်ဆေးတွေ့ရှိပါက ၂၀၁၅ မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ နည်းဥပဒေဖြင့် အရေးယူဆောင်ရွက်ပြီး ဒဏ်ကြေးငွေ ကျပ်သုံးသောင်းနှင့် ယာဉ်မောင်းလိုင်စင်ကို သုံးလ၊ ခြောက်လ၊ ကိုးလနှင့် တစ်နှစ်အထိ ဒဏ်ရိုက်အရေးယူဆောင်ရွက်ကြောင်း သိရသည်။

လက်ရှိတွင် ၂၀၁၅ မော်တော်ယာဉ် ဥပဒေကို ပြင်ဆင်နေပြီး အသစ်ပြဋ္ဌာန်းမည့် မော်တော်ယာဉ်ဥပဒေ၌ ရဲလုပ်ပိုင်ခွင့်အပါအဝင် ပြစ်မှုပြစ်ဒဏ်ကို ပြင်ဆင်ထားကြောင်း၊ရန်ကုန်မြို့တွင်း၌ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ကိုးသိန်းသုံးသောင်းကျော်ရှိပြီး ရန်ကုန်၌ ငါးသိန်းသုံးသောင်းကျော်ရှိကြောင်း သိရသည်။

ယင်းအပြင် စည်းကမ်းမဲ့မောင်းနှင်မှု မရှိစေရန်အတွက် ပညာပေးဆောင်ရွက်မည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် ယာဉ်များကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး ရုံးထံမှ သိရသည်။                            

ဆက်နိုင်