News

POST TYPE

NEWS

ပြည်စစ်ကြောင့် တိုင်းပြည်အောက်ကျနေဟုဆို
19-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၈

မြန်မာနိုင်ငံ ကမ္ဘာ့အလယ်တွင် အောက်တန်းနောက်တန်းကျအောင် ဆွဲချခဲ့ သည့် လက်သည်တရားခံသည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ်ဖြစ်ကြောင်း ပုဗ္ပသီရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန် (ခ)မောင်တင်သစ်က ပြောကြားသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် တိုင်းရင်းသားလူမျိုးရေးရာဖွံဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ် ( လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အနာဂတ်အလားအလားများ အခမ်းအနားကို ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးဖိုရမ် ( လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အနာဂတ်အလားအလားများ) ကို ပြုလုပ်ရာ ဒေါ်ခင်မမမျိုး ( MIGS - နည်းပညာအကြံပေး)၊ ဦးရန်ကျော် (နိုင်ငံရေလေ့လာသုံးသပ်သူ) ၊ စာရေးဆရာ နောင်ကျော်နှင့် ဒေါက်တာမိုးစက် ( CDES သုတေသနတာဝန်ခံတို့ကလည်း သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြသည်။

“နိုင်ငံရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလူငယ်တွေ နိုင်ငံသားတွေကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ စိတ်အားထက်သန်လာတကိုတွေ့ရတာလည်း နိုင်ငံအတွက် အားတက်ဖွယ်ဖြစ်ပါတယ် ဘာကြောင့်ငြိမ်းချမ်းရေးကို ဒီလောက်တောင်မှ ဆန္ဒပြင်းပြနေကြတာလဲ ပြောမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ပြည်ထောင်စုကို ကမ္ဘာ့အလယ်မှာ ဒီလောက် အောက်တန်းနောက်တန်းကျအောင် ဆွဲချခဲ့တဲ့ လက်သည်တရားခံက မငြိမ်းချမ်းမှုပါ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ်ပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန် (ခ) မောင်တင်သစ်က ပြောသည်။

ဆွေးနွေးပွဲ ကျင်းပခဲ့သည့် တိုင်းရင်းသားလူမျိုးရေးရာဖွံဖြိုးရေးနှင့် သုတေသနအသင်း (CDES) ကို ၂၀၁၂ ခုနှစ် တွင်စတင်တည် ထောင်ခဲ့ပြီး တိုင်းပြည်၏ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူပြုစေရေးအတွက် ဒီမိုကရေစီ ဖယ်ဒရယ်နှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော သုတေသနလုပ်ငန်း ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိသည်။

မင်းသုခိုင်