News

POST TYPE

NEWS

ပလက်ဝမှ ဆရာ ၂၀၀ ကျော် အပြောင်းအရွှေ့လျှောက်ထားမှု လုပ်သက်တစ်နှစ်ပြည့်ခြင်းကြောင့်ဟုဆို
19-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၈

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ဆရာ၊ ဆရာမ ၂၀၀ကျော် အပြောင်းအရွှေ့တင်ထားခြင်းမှာ လုံခြုံရေးအခြေအနေအရ မနေရဲသည့်အတွက်ဟုဆိုခြင်းထက် လုပ်သက်တစ်နှစ်ပြည့်သည့်အတွက် တင်ပြထားခြင်းဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၂၀၀ ကျော်သည် လုံခြုံရေးအခြေအနေအရ မနေရဲတော့သည့်အတွက် အပြောင်းအရွှေ့များတင်ပြထားကြောင်း၊ ဆရာ၊ ဆရာမ ၁၃၉ ဦးမှာ ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များကို ပြောင်းရွှေ့ခွင့်တင်ထားပြီး အခြားတိုင်းဒေသကြီးပြည်နယ်များသို့ အပြောင်းအရွှေ့တင်ထားသူမှာ ၆၇ ဦး ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေသည်။

၎င်းသတင်းများအပေါ် ချင်းပြည်နယ် ပညာရေးမှူးရုံးသို့မေးမြန်းရာတွင် လက်ရှိအချိန်သည် ရာထူးတိုး/အပြောင်းအရွှေ့များပြုလုပ်သည့်ကာလဖြစ်ပြီး ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသဖြစ်သည့်အတွက် လုပ်သက်တစ်နှစ်ပြည့်ပြီးပါက အပြောင်းအရွှေ့တင်နိုင်ရာ လုံခြုံရေးအရ မနေရဲသည့်အတွက် အပြောင်းအရွှေ့တင်ခြင်းထက် လုပ်သက်တစ်နှစ်ပြည့်သည့်အတွက် အပြောင်းအရွှေ့တင်ခြင်းဟု ချင်းပြည်ပညာရေးမှူးရုံးမှ ပြည်နယ်ပညာရေးမှူးက ဆိုသည်။

“ဒါက နှစ်စဉ်ပြောင်းတဲ့ဟာပါ။ သတ်မှတ်ထားတဲ့ရက်ပြည့်ရင် အပြောင်းတင်နိုင်ပါတယ်။ ကျွန်မတို့ ချင်းပြည်နယ်က သွားလာရေးခက်ခဲတော့ ၁ နှစ်ဒေသလို့ သတ်မှတ်ထားတာ။ ၁ နှစ်ပြည့်ရင် ပြောင်းလို့ရပါတယ်။ ဒီလုံခြုံရေးကြောင့် ပြောင်းတယ်ဆိုတာက လူတွေက ပြန့်ကားပြီးပြောနေတာပါ။ ဒီနှစ်အတွက် အပြောင်းတွေ ခေါ်နေပါပြီ။ တင်လာတာတွေကို စိစစ်ပြီး ရုံးချုပ်ကိုပြန်တင်ပြီးမှ အော်ဒါထွက်မှာပါ”ဟု ချင်းပြည်နယ် ပညာရေးမှူး ဒေါ်နှင်းကြည်က ပြောသည်။

လက်ရှိ အပြောင်းအရွှေ့တင်ထားသည့် ဆရာ၊ ဆရာမ အရေအတွက်မှာ ၂၀၀ ကျော်သာရှိပြီး ယခင်နှစ်ကထက် နည်းပါးကြောင်း ယခင်နှစ်က ချင်းပြည်နယ် ပလက်ဝမှ အခြေခံပညာကျောင်း ၂၈၄ ကျောင်းမှ အပြောင်းအရွှေ့တင်ခဲ့သည့် ဆရာ၊ ဆရာမအရေအတွက်မှာ ၆၅၀ ကျော် အထိရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုများရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းက ပလက်ဝမြို့နယ် ဆီဖလောင်ရွာမှ မူလတန်းကျောင်းအုပ်တစ်ဦးနှင့် ရွာသား ၂ ဦး လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံခဲ့ရသေးသည်။

အောင်သက်ကို