News

POST TYPE

NEWS

ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် မြန်မာနှင့် တရုတ်သဘောတူညီမှု ၃၃ စောင် လက်မှတ်ရေးထိုး
19-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၁၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံလုပ်ဆောင်မည့် စီမံကိန်းများဖြစ် ကြသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းပါဝင်သည့် သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများအပါအဝင် ၃၃ ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူလက်မှတ်ရေးထိုးခဲ့သည့် ၃၃ ခုတွင် လူအများစိတ်ဝင်စားနေသည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပါဝင်လာခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် စာချွန်လွှာများတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့်သက်ဆိုင်သော သဘောတူစာချုပ် အပါအဝင် ရွှေလီ-မူဆယ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ၊ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ၊ ရန်ကုန်မြို့ သစ်စီမံကိန်းဆိုင်ရာ အစရှိသည့် အချက်များပါဝင်သည်။

အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် ၆ စီး ပေးအပ်ရေး၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အတိုးမဲ့ချေးငွေများဖြင့် လူစီးရထားတွဲများ ဝယ်ယူရေး၊ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီချက်များ ပါဝင်သည်။

ထို့ပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံမှ ခေါင်းဆောင်များသည် ဇန်နဝါရီလ ၁၇ ရက်တွင် ကျင်းပခဲ့သည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အခမ်းအနားနှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ် ဖွင့်လှစ်ခြင်းအခမ်းအနားများသို့ အတူတကွတက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုလွှတ် တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံး အတူတကွ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ယင်းအခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်တွင် တက်ကြွစွာ အားပေးထောက်ခံ၍ ပါဝင်ခဲ့ကြောင်းနှင့် မြန်မာ-တရုတ် စီးပွာရေးစင်္ကြံတည်ဆောက်ရာတွင် ပိုမိုကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေ မည်သို့ပင် ပြောင်းလဲနေစေကာမူ မြန်မာအစိုးရအားလုံးသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန် အလေးထားပါကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ခရီးစဉ်သည် နှစ်နိုင်ငံလုံးအတွက် အရေးပါသည့်ခရီးစဉ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အလားတူ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ယင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်နှင့် မြန်မာသည် ပြည်သူအချင်းချင်းအကြား ထိတွေ့မှုပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ထောက်ခံအားပေးသူများနှင့် အကျိုးဖော်ဆောင်သူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ချစ်ကြည်ရင်းနှီးမှုအတွက် ပြည်သူများ၏ထောက်ခံအားပေးမှု ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် တရုတ်-မြန်မာ အနာဂတ်မျှဝေ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်သွားရန်၊ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားကို လိုက်နာရန်နှင့် နိုင်ငံရေးအရ ပိုမိုယုံကြည်မှု၊ နယ်စပ်ဒေသ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ခြင်းဖြင့် အိမ်နီးချင်းကောင်းများ၊ ဆွေမျိုးပေါက်ဖော် မိတ်ဆွေကောင်းများ၊ မိတ်ဖက်ကောင်းများအဖြစ် နှစ်ဖက်ပြည်သူများအကြား ထာဝရ တည်ရှိနေမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် ကျောက်ဖြူစီမံကိန်းအပါအဝင် စီမံကိန်းအားလုံးတွင် ကျင့်ဝတ်နှင့်အညီဖြစ်ပြီး တစ်ဖက်သတ်မဖြစ်စေရေးနှင့် တရုတ်စီမံကိန်းများအနေနှင့် နိုင်ငံ၏ဥပဒေကို လေးစား လိုက်နာရန်လိုအပ်ကြောင်း လယ်သမားအရေး၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုမြတ်ကျော်က ပြောကြားသည်။

“အခုခရီးစဉ်မှာ နားလည်မှုစာချွန်လွှာ ၃၃ ခု လက်မှတ်ထိုးလိုက်တယ်လို့ သိရတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်း မပါပေမယ့် မြစ်ဆုံစီမံကိန်းကိုလည်း အပြီးတိုင် ဖျက်သိမ်းပေးဖို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ကျင့်ဝတ်နဲ့အညီဖြစ်ဖို့၊ ဥပဒေတွေကို လေးစားလိုက်နာဖို့၊ ဥပဒေချိုးဖောက်မှုတွေ မလုပ်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် နိုင်ငံသူ နိုင်ငံသားတွေအကြား အမုန်းပွားလာမယ်” ဟု ၎င်းကဆိုသည်။

အလားတူ သမ္မတရှီကျင့်ဖျင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်တည်ငြိမ် ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားခဲ့ကြောင်းလည်း သိရသည်။

ယခု တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၎င်း၏သမ္မတ သက်တမ်းအတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ်လာရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။

J-08