News

POST TYPE

NEWS

ငပုတောတွင် ဖဲကြိုးစိမ်း နှင့် လက်မှတ်ထိုးကောက်ခံသည့် လှုပ်ရှားမှုပြုလုပ်
18-Jan-2020


ပုသိမ်၊ဇန်နဝါရီ ၁၈

အခြေခံပညာ အတန်းစာမေးပွဲများအား မတ်လကုန်အထိ စစ်ဆေးခြင်းကို ကန့်ကွက်သည့် ဖဲကြိုးစိမ်း နှင့် လက်မှတ်ထိုးကောက်ခံသည့် လှုပ်ရှားမှုကို ငပုတောမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်း က ပြုလုပ်ခဲ့ကြောင်း အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂများဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှသိရသည်။

စာသင်ကာလ တိုးမြှင့်ခြင်း နှင့် ကျောင်းတက်ရခြင်းကိုကန့်ကွက်နေခြင်း မဟုတ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနက အစိုးရစစ်စာမေးပွဲ များ ၊တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးနောက် အခြေခံပညာအတန်းများအား စာမေးပွဲစစ်ခြင်းကို ကန့်ကွက်နေခြင်းဖြစ်ကြောင်း လက်မှတ်ရေးထို့းသည့် သူများကဆိုသည်။

“မြို့နယ်အဆင့် ကန့်ကွက်လက်မှတ်ကောက်ခံတာပါ လက်မှတ် ၅၀ဝ ကျော်ရပါတယ် အွန်လိုင်းကနေပေးပို့တာလည်း ရရှိထားပါတယ် ရန်ကုန်မှာ ကောက်ထားတာလည်းရှိတယ် ဇန်နဝါရီ ၂၄ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ဆောင်ရွက်မှာဖြစ်ပြီး ကန့်ကွက် လက်မှတ်တွေနဲ့အတူ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးဖို့ တင်ပြသွားမှာပါ” ဟု အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂများဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဖြိုးဝေအောင်က The Voice ကိုပြောသည်။


အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နှင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီ တို့ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ဆရာ၊ဆရာမ များကို ဖဲကြိုးစိမ်းတပ်ဆင်ပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေ ခြင်း နှင့် ကန့်ကွက်လက်မှတ်ကောက်ခံရာတွင် ကျောင်သားမိဘများလည်း ပါဝင်လက်မှတ်ရေးထိုးကြောင်း ၎င်းကဆက်ပြောသည်။

ယခင်က အခြေခံပညာအတန်းငယ်များ စာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ မိဘရှိရာ ဌာနေသို့ ပြန်ခြင်း မိဘများ၏ အလုပ်ခွင်များအတွင်း ကူညီလုပ်ကိုင်ပေးခြင်းဖြင့် ဝင်ငွေရှာခြင်း ရှိနေခြင်းကြောင့် အတန်းတင်စာမေးပွဲ ဖြေပြီးနောက် ကျောင်းဆက်နေရမည့်အခြေအနေမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် အလွန်အဆင်မပြေကြောင်း ကျောင်းသားမိဘများက ဆိုသည်။


"ကျောင်းရက်ရှည်ပိတ်ချိန်မှာ မြို့ကမရှိနွမ်းပါးကလေးတွေဆို နီးစပ်ရာမှာ ဝင်ငွေရတာလုပ်ကြရတယ်၊ ငွေစုပြီး ကျောင်းတက်တော့ ကိုယ့်ရှာတာလေးနဲ့ လိုအပ်တာဝယ်ကြတယ်၊ အခမဲ့ ပညာရေးစနစ်ဆိုပေမဲ့ အစိုးရက အလုံးစုံ အခမမဲ့နိုင်သေးဘူးလေ။ကျွန်မတို့ ငပုတောမြို့နယ်မှာက နွေကျောင်းပိတ်ရက် ပင်လယ်ငါးဖမ်းလိုက်ကြရတယ်၊ ငါးခြောက်လှမ်း၊ ဓနိထိုး စတာတွေကို ၇ တန်း ကနေ ၉တန်းအထိ ကျောင်းသား ကျောင်းသူ တွေဝင်လုပ်နေကြတာ " ဟု ငပုတောမြို့နယ် ဖျံရေကျော်ကျေးရွာမှ ကျောင်းသားမိခင် ဒေါ်အုအုလေး ကပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၈ နေ့က ငပုတောမြို့နယ်တွင်သာမက ဧရာဝတီတိုင်းအတွင်း ရေကြည်မြို့နယ် နှင့် အိမ်မဲမြို့တွင်လည်း ဖဲကြိုးစိမ်း စတစ်ကာလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း ၊ ကျန်မြို့နယ်များတွင်လည်း ဆက်လက်လှုပ်ရှားမည်ဖြစ်ကာ လာမည့် ဇန်နဝါရီလ ၂၄ ရက် နေ့တွင် ငပုတောမြို့ ၌ ဒုတိယအကြိမ်မြောက် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း အခြေခံပညာ ပညာရေးလုပ် သားများ သမဂ္ဂများဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှသိရသည်။

မောင်မျိုးထက်(ပုသိမ်) R-12