News

POST TYPE

NEWS

တစ်နှစ်အတွင်း အစိုးရဝန်ထမ်း၁၀၀ဝန်းကျင် အဂတိအမှုဖြင့်တရားစွဲဆိုခံရ
18-Jan-2020

ရန်ကုန် ဇန်နဝါရီ ၁၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့်၂၀၁၉ ခုနှစ် တစ်နှစ်အတွင်းတွင် အစိုးရဝန်ထမ်း ၁၀၀ ဝန်းကျင်ခန့်ကို အဂတိမှုဖြင့် တရားစွဲဆိုထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှုးဦးကျော်စိုး ကပြောကြားသည်။

တစ်နှစ်အတွင်း အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် တရားစွဲဆိုမှု အခြေအနေနှင့်ပတ်သက်ပြီး ကော်မရှင်ထံဆက်သွယ်မေးမြန်းရာတွင် ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး ကပြောကြားခဲ့သည်။


တရားစွဲဆိုခံထားရသည့် အစိုးရဝန်ထမ်းများထဲတွင် ဝန်ကြီးဌာနအသီးသီးတွင် တာ၀န်ထမ်းဆောင်နေသော အစိုးရအရာရှိများသာမက မြို့နယ် နှင့် ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ ပါဝင်ကြောင်း၎င်းကဆိုသည်။

အလားတူ ၂၀၁၉ ခုနှစ်တစ်နှစ်အတွင်း အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် တိုင်ကြားစာပေါင်း ၉၀၀၀ ကျော် ရောက်ရှိလာပြီး တိုင်ကြားစာများ၏ ၉၁ ရာခိုင်နုန်းကျော်ကို စီစစ်ခဲ့ရာ တိုင်ကြားစာပေါင်း ၉၈၉၅ စောင် အနက် ၂၇၅၂ စောင်မှာ အဂတိလိုက်စားမှုဥပဒေနှင့် အကျုံးမဝင်ဟု ကော်မရှင်ထံမှသိရသည်။



အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ယခု ၂၀၂၀ နှစ်အတွင်း ရေးဆွဲထားသည့်မဟာဗျူဟာ စီမံချက်နှင့်အညီ နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး ကော်မရှင်၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြင်ဆင်ရေးဆွဲထားသည့် ကော်မရှင်ဖွဲ့စည်းပုံ နှင့်အညီ အင်အားဖြည့်တင်းရန် နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဝန်ထမ်းအင်အားတိုးမြှင့် ခေါ်ယူထားပြီး ကော်မရှင်၏လုပ်ငန်းတာဝန်များဖြစ်သည့် အသိပညာပေးခြင်း တားဆီးခြင်းစုံစမ်းစစ်ဆေးအရေးယူခြင်းများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ထံမှသိရသည်။


အစိုးရဝန်ထမ်း ၁၀၀ ဝန်းကျင်ကို အဂတိလိုက်စားမှုဖြင့် အရေးယူခဲ့သည်ဆိုသော်လည်း အများစုမှာ မြို့နယ် နှင့် ခရိုင်အဆင့်ရာထူး များသာဖြစ်ပြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် နှင့် FDA ၊ သတ္တုတွင်း လျှပ်စစ်ဌာန အပါအဝင် ညွန့်ချုပ်အဆင့်အကြီးပိုင်း မှ အရေးယူခံရမှုမှာ အလွန်နည်းပါးကြောင်းဟု ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဒေါက်တာညိုညိုသင်းက ပြောသည်။
“ကိုယ့်ကန်ထဲက ငါးကြီးကြီးတွေကိုမကြော်နိုင်သေးပါဘူး” ဟု ဒေါ်ညိုညိုသင်းက ဝေဖန်လိုက်သည်။

မှူးသခင်