News

POST TYPE

NEWS

ရတနာပုံဈေး Sky Walk စစ်ဆေးပြီးမှ ပြန်ဖွင့်မဖွင့် ပြောနိုင်မည်ဟု စည်ပင်ပြော
18-Jan-2020


မန္တလေး ဇန်နဝါရီ ၁၈

မီးလောင်ဆုံးရှုံးမှုခံရသော မန္တလေးရတနာပုံဈေး Sky Walk ကို ပြန်လည်စစ်ဆေးပြီးမှသာ မည်သို့စီစဉ်ဆောင်ရွက်သွားမည်ကို ပြောကြားနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ထံမှသိရသည်။

ယနေ့(ဇန်နဝါရီလ ၁၈ ရက်နေ့) မွန်းလွဲပိုင်းတွင် ဈေးသူဈေးသားများကို တစ်ဆိုင်တစ်ယောက် ဝင်ခွင့်ပေးပြီး မိမိပစ္စည်းဆုံးရှုံးမှု ရှိ မရှိ ကြည့်ရှုခွင့်ပေးမည်ဖြစ်ကာ မည်သည့်ပစ္စည်းမှ သယ်ယူခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ကပြောကြားသည်။


ဆိုင်များ ကုမ္ပဏီများမှ ပစ္စည်းများ သယ်ခွင့်ကို မနက်ဖြန်(ဇန်နဝါရီလ ၁၉ ရက်နေ့)နောက်ပိုင်းမှ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

မီးလောင်မှုကြောင့် ပျက်စီးသွားသောအဆောက်အအုံ ကြံ့ခိုင်မှု ရှိ မရှိကိုလည်း အင်ဂျင်နီယာအဖွဲ့များဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း က အသိပေးသည်။

 ယင်းမီးလောင်မှုတွင် ပိတ်မိသူ ၂၀ ဦး ကို ကယ်ထုတ်ခဲ့ရပြီး အရပ်သား တစ်ဦး ပေါင်ကျိုးလက်ကျိုး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း(မန္တလေးတိုင်းဒေသကြီး)ကြီးကြပ်မှုကော်မတီအတွင်းရေးမှူးဦးစိုးလှိုင်ဝင်းက ပြောကြားသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ကဉ္ဇဏမဟီရပ်ကွက်၊ ၃၄လမ်းနှင့် ၇၈လမ်းထောင့်ရှိ RC (၆)ထပ် အဆောက်အဦး ဖြစ်သည့် Mandalay Yatanar Mall ၊ Sky Walk ပထမအလွှာတွင် ဇန်နဝါရီလ ၁၇ရက်နေ့ ညနေ(၆)နာရီအချိန်မှ စတင်ကာ မီးလောင်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် (၅)နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။


မီးလောင်မှု အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စီစစ်စုံစမ်းဆဲဖြစ်ပါသည် ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းမီးလောင်မှုကို မန္တလေးမြို့ပေါ် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၈၂)စီး၊ ရေသယ်ယာဉ် (၅၀)စီး၊ မီးသတ်စက်ယာဉ် (၁၄)စီး၊ အထောက်အကူပြုယာဉ် (၂၁)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီး၊ အထပ်မြင့်မီးသတ်ယာဉ် (၇)စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၃)စီး၊ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၇)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၁၉၄)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီး၊ အသက်ရှုကိရိယာ (၅၀) လုံး၊ မီးခိုးမှုတ်စက် (၆)လုံး၊ Engine Cutter (၁၀)လုံး၊ စည်ပင်မှရေသယ်ယာဉ် (၁၀)စီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဘတ်ဟိုးမြေတူးစက် (၄)စီး တို့ဖြင့် သန္ဓေ(၂၅၀)ဦး၊ အရန် (၅၀၀)ဦး၊ စည်ပင်ဝန်ထမ်း (၅၀)ဦး၊ တပ်မတော်သား (၂၃၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် (၂၅၀)ဦး၊ ကြက်ခြေနီ(၁၀၀)ဦးတို့နှင့် ပူပေါင်းငြှိမ်းသတ်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းဈေးသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလကလည်း မီး အကြီးအကျယ်လောင်ခဲ့သည်။

M-01