News

POST TYPE

NEWS

ရခိုင်တွင် အပြစ်မဲ့အရပ်သားနှစ်ဦးကို AA အဖွဲ့ သတ်ဖြတ်ဟုတပ်မတော်ထုတ်ပြန်
17-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမှ ရခိုင်ပြည်နယ်သို့လာရောက်၍ ဈေးရောင်းချသည့် အရပ်သားနှစ်ဦးကို AA လက်နက်ကိုင်အဖွဲ့က သတ်ဖြတ်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ယင်းသို့ဒေသခံနှစ်ဦးကို စစ်ဆေးရိုက်နှက်နေသည့် ရုပ်သံဖိုင်တစ်ခုပျံ့နှံ့နေပြီး အဆိုပါရုပ်သံတွင် ပါဝင်သူနှစ်ဦးကို AA က သတ်လိုက်ခြင်းဖြစ်ကြောင်း တပ်မတော်က စွပ်စွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ ဦးသိန်းလွင်ဆိုသူက ပြီးခဲ့သည့် ဧပြီလအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ တိုင်ကြားစာတစ်စောင်ပေးပို့ခဲ့ပြီး ဦးသိန်းလွင် အပါအဝင် ပုဏ္ဏကားကျေးရွာသားအချို့သည် မြန်မာနိုင်ငံအနှံ့အပြားသို့ ဈေးလှည့်လည်ရောင်းချရင်း ရခိုင်ပြည်နယ်ဘက်သို့ မိုးကာ၊ သံသေတ္တာ၊ ဘက်ထရီ၊ ဆိုလာ စသည့် လူသုံးကုန်ပစ္စည်းများအား တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ရောင်းချခဲ့ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်ရှိ ဦးအောင်ထွန်းကျော် နေအိမ်၌ အိမ်ငှားနေ၍ ကျေးရွာအသီးသီးသို့ ဈေးလှည့်လည်ရောင်းချစဉ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အောက်သားကန်ရွာ၊ ဗျိုင်းတောင်ခြေရွာ တို့ဘက်မှ ပစ္စည်းများ မှာယူသဖြင့် ယင်းရောင်းချသည့်အဖွဲ့ထဲမှ မောင်မျိုးထိုက်ဝင်းသည် ဆိုင်ကယ်ဖြင့် ပစ္စည်းများသွားရောက်ပို့ခဲ့ကြောင်း၊ မောင်မျိုးထိုက်ဝင်း ပြန်မလာသဖြင့် ဖေဖော်ဝါရီလ ၁၉  ရက်နေ့တွင် ဦးစိုးနိုင်နှင့် မောင်ရာဇာထွန်းတို့ နှစ်ဦးကထပ်မံလိုက်လံရှာဖွေရာ ထပ်မံ ပျောက်ဆုံးသွားကြောင်းနှင့် တိမ်ညိုရဲစခန်း၌  လူပျောက်တိုင်ကြားခဲ့ကြောင်း၊ ၎င်းတို့သုံးဦးအား ဝိုင်းဝန်းကူညီရှာဖွေပေးနိုင်ပါ ရန် အကူအညီတောင်းခံပါကြောင်း ရေးသားတိုင်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က သတင်းဖော်ထုတ် စုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ ၎င်းတို့သုံးဦး ပျောက်ဆုံးမှုကို မြောက်ဦးမြို့မရဲစခန်း၌ လူပျောက်တိုင်ချက်ဖွင့်ခဲ့ကာ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောင်းဘွေ၊ တိမ် ညိုနယ်မြေရဲစခန်းများသို့လည်း အကြောင်းကြားထားကြောင်း၊ စုံစမ်းသိရှိချက်များအရ  ၎င်းတို့သုံးဦးသည် ၂၀ဝ၆ ခုနှစ်အတွင်း ကပင် နယ်မြေအတွင်း ရိုးသားစွာလှည့်လည်ဈေးရောင်းနေသူများဖြစ်ပြီး ဒေသခံများနှင့် ရင်းနှီးသူများဖြစ်သဖြင့် AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခြင်းခံရမှုဖြစ်နိုင်သည်ကို တွေ့ရှိရကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်မြေခံတပ်များက သတင်းစုံစမ်းဖော်ထုတ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ရာ ဒေသခံတာဝန်သိပြည်သူများက တာဝန်ရှိသူများထံသို့  AA လက်နက်ကိုင်အဖွဲ့က အရပ်သားပြည်သူနှစ်ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုပေးပို့လျက် သတင်းပေးပို့ တိုင်ကြားခဲ့သဖြင့် ၎င်းဗီဒီယိုဖိုင်အပေါ် ထပ်မံစုံစမ်းစိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုံစမ်းဖော်ထုတ်ချက်များအရ  ဗီဒီယိုဖိုင်တွင်ပါရှိသည့် အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းခံနေရသော အပြစ်မဲ့ပြည်သူ အရပ်သားနှစ်ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ မောင်ရာဇာထွန်း (၂၂)နှစ်နှင့် ဦးစိုးနိုင် (ခ) ကိုရင်ကြီးတို့ ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သို့ ဈေးရောင်းသွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအား ဗီဒီယိုဖိုင်တွင်ပါရှိသည့်အတိုင်း မြောက်ဦးမြို့နယ်၊ မကြားရွာအဝင်လမ်းတွင် AA လက်နက်ကိုင်အဖွဲ့မှ တာဝန်ခံဗန်ဒို ခေါင်းဆောင်သည့်အဖွဲ့က အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ AA လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရရှိပေ။

J-18