News

POST TYPE

NEWS

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမတိုးတက်ဘဲ စစ်ကိုင်းတိုင်းတိုးတက်နေသည်ဟု ပြောလို့မရဟုဝန်ကြီးချုပ်ပြော
17-Jan-2020

ကလေး၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး တိုးတက်နေသည်ဟု ပြောလိုလျှင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မတိုးတက်ဘဲ စစ်ကိုင်းတိုင်းဒေသကြီး တိုးတက်နေသည်ဟု ပြော၍မရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ကပြောသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသည့်​ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ လဟယ်မြို့ရှိဘောလုံးကွင်းအတွင်း မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"စစ်ကိုင်းတိုင်းဒေသကြီးမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုပဲရှိပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး တိုးတက်တယ်လို့ ပြောမယ်ဆိုရင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမတိုးတက်ဘဲ တိုးတက်ပါတယ်လို့ ပြောလို့မရပါဘူး။ဒါကို ကျွန်တော်တို့အစိုးရတစ်ရပ်အနေနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုးတက်အောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အသစ်လက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်ခွဲကာလအတွင်း နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ်သန်းပေါင်း လေး သောင်းရှစ်ထောင်ကိုးရာသုံးဆယ့်တစ် ဒသမ လေးခြောက်ခုနစ်သန်းဖြင့် ရေ၊ မီး၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ကြောင်း ဝန်ကြီးချုပ်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားချက်အရသိရသည်။

"လေရှီးကနေ ကျွန်တော်တို့ ရွာသွားဖို့ နည်းနည်းအခက်အခဲရှိတယ်။ဆောင်းတွင်းကတော့ နည်းနည်းအဆင်ပြေတယ်။မိုးတွင်းကတော့ အဆင်မပြေတာများတယ်။ကမ်းပါးပြိုတာတွေ၊ ချောင်းတွေ၊ တံတားတွေ၊ မရှိတာတွေက အခက်အခဲတွေ့ကြုံနေရပါတယ်။မိုးရာသီမှာ ကျန်းမာရေးမကောင်းကြဘူးဆိုရင် လေရှီးမြို့ကို လူနဲ့ပဲ​ထမ်းသယ်နေရတာဗျ" ဟု လေရှီးမြို့နယ်အတွင်းရှိ လေရှီးမြို့ကို ဆိုင်ကယ်ဖြင့်  နေ့တစ်ဝက်စီးရသည့် အကွာအဝေးရှိ စာရာမေရိတောင်ခြေရင်း ရော်ပါးမီးကျေးရွာ မှ ဦးနူဆဲစီးက ပြောသည်။

R-20