News

POST TYPE

NEWS

မန်းရွှေစက်တော်ဘုရားပွဲ အခန်းခများကို သတ်မှတ်ဈေးနှုန်းထက် ပိုယူပါကအရေးယူမည်
17-Jan-2020

မကွေး၊ ဇန်နဝါရီ ၁၆

ယခုနှစ် ဇန်နဝါရီ  ၂၉ ရက်နေ့တွင်  စတင်ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်တွင် တည်းခိုဆောင်အခန်းခများကို ယမန်နှစ်များကထက် ဈေးနှုန်းလျှော့ချထားရာ သတ်မှတ်ဈေးနှုန်းထက်ပိုယူသည့် တည်းခိုဆောင်ပိုင်ရှင်များကို အရေးယူမှုများ ပြုလုပ်သွားမည်ဟု ယင်းဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများကပြောသည်။

ပြီးခဲ့သည့်ပွဲတော်ကျင်းပသည့်နှစ်က လေလံစနစ်ဖြင့် တည်းခိုဆောင်များကို ချပေးခဲ့ပြီး တည်းကျောင်းအခန်းခများကို  ကန့်သတ်ခဲ့သည့်အတွက် လုပ်ငန်းရှင်များအရှုံးပေါ်ခဲ့သဖြင့် ယခုနှစ်တွင် ကြမ်းခင်းဈေးသတ်မှတ်ကာ မဲစနစ်ဖြင့်ချပေးခဲ့ကြောင်း  မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ဆိုသည်။

လေလံပစ်စဉ်က တဲကျောင်းတစ်တွဲလျှင် ကျပ်သိန်း ၈၀ မှ သိန်း ၁၀ဝ ကျော်ထိရှိခဲ့ပြီး ယခုနှစ်တွင် ပြီးခဲ့သည့် ၃ နှစ် အတွင်း လေလံအမြင့်ဆုံးဈေးများအား သုံးနှင့်စားကာ ကြမ်းခင်းဈေးအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

ယမန်နှစ်ပွဲတော်ရာသီက အဲယားကွန်း၊ ရေချိုးခန်း၊ အိမ်သာပါသည့် နမ္မဒါ အထူးတည်းခိုဆောင်များကို ကျပ် ၁သိန်း သတ်မှတ်ပေးခဲ့သော်လည်း ယခုနှစ်တွင်  ကျပ် ၇ သောင်းထိ လျှော့ချပေးထားကြောင်း နှင့် သာမန်တည်းခိုဆောင်များကို နေရာအလိုက် ကျပ် ၁၅,ဝ၀ဝ မှ ၃၀,ဝ၀ဝ အထိ သတ်မှတ်ပေးထားကြောင်း ၎င်းကဆိုသည်။

မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက "ဒီနှစ် ကြမ်းခင်းဈေးသတ်မှတ်ပြီး မဲဖောက်ပေးလိုက်တာ။လေလံအပြိုင်မပေးဘဲနဲ့ မဲစနစ်နဲ့ချပေးတော့ ဈေးသက်သာတာပေါ့။မနှစ်က အပြိုင်အဆိုင်ဈေးပြိုင်စနစ်နဲ့ဆွဲရတော့ ဈေးတွေများပြီး လုပ်ငန်းရှင်တွေရှုံးကြ တယ်။လုပ်တဲ့သူတွေ ဈေးနှုန်းသက်သက်သာသာနဲ့လုပ်တော့ ဘုရားဖူးပြည်သူတွေလည်း သက်သာချောင်ချိမှာပါ၊ ဒီလိုလုပ် ပေးထားပါတယ်" ဟု ပြောသည်။

တည်းခိုဆောင်လုပ်ငန်းရှင်များ အဆင်ပြေစေရန် ကြမ်းခင်းဈေးသတ်မှတ်ကာ မဲစနစ်ဖြင့်ပြုလုပ်ပေးခဲ့ပြီး ၎င်းတို့အနေနှင့် တည်းခိုသူများအား ဈေးပိုမတောင်းရန် စည်းကမ်းပိုင်းများ တင်းကျပ်သွားမည်ဖြစ်ပြီး ဈေးပိုတောင်းသည်များကို စစ်ဆေးတွေ့ရှိပါက လုပ်ငန်းပိတ်သိမ်းပြီး စပေါ်တင်ထားသည့်ငွေများကို ထုတ်မပေးတော့ဘဲ ဘုရားကြီးဂေါပက ရန်ပုံငွေအဖြစ်  သိမ်းယူသွားမည်ဖြစ်ကြောင်း ယင်းဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို  ၂၀၂၀ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ၊ နှစ်စဉ် မြန်မာခုနှစ် တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

လွင်အေး