News

POST TYPE

NEWS

ရှေ့နေဦးရောဘတ်စန်းအောင် လိုက်ပါလာသည့် ခရီးသည်တင်ကားကိုအနှောင့်အယှက်ပေးသည့် အငြိမ်းစားစစ်သံမှူးသားကို အမှုဖွင့်
17-Jan-2020
တောင်ငူ၊ ဇန်နဝါရီ ၁၆

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၈ အနီးတွင် ဇန်နဝါရီလ ၁၆ ရက် နံနက်၂ နာရီကျော်ခန့်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် လိုက်ပါလာသည့် ခရီးသည်တင်ကားကို အနှောင့်အယှက်ပေးသည်ဟုဆိုပြီး အငြိမ်းစားစစ်သံမှူးတစ်ဦး၏ သားကို အမှုဖွင့်ထားသည်ဟု သာဂရအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှသိရသည်။

"ခရီးသည်တင်ကားကို နောက်ကနေလိုက်နှောင့်ယှက်ရင်း ပွတ်တိုက်မိတဲ့အတွက် အမှုဖွင့်ထားတယ်" ဟု သာဂရ အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့နံနက်က ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း အသက် ၄၃ နှစ် အရွယ် ဦးရဲနိုင် မောင်းနှင်ပြီး နိုင်ငံရေးသမား တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် အပါအဝင်ခရီးသည် အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၇ ဦး လိုက်ပါခဲ့သည့် FAMOUS ယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ်သည် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် နောက်မှ အသက် ၃၈ နှစ်အရွယ် ဦးအောင်ကိုဦး မောင်းနှင်ပြီး အဖော်အမျိုးသားတစ်ဦး လိုက်ပါလာသည့် အိမ်စီးမော်တော်ယာဉ်က မိုင်တိုင် ၁၄၆ အနီးတွင် နောက်မှ ကျော်တက်စဉ် ချိတ်မိခဲ့ခြင်းဖြစ်ကြောင်း သာဂရအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှသိရသည်။

အဆိုပါ မာဇဒါဒီမီယို မောင်းနှင်သူသည် အငြိမ်းစားစစ်သံမှူးကြီးတစ်ဦး၏သားဖြစ်ပြီး အဖော်အမျိုးသားက မုံရွာအခြေစိုက် ထောက်ပို့တပ်တစ်ခုမှ တပ်မတော်သားတစ်ဦးဖြစ်ကာ အမြန်လမ်းမိုင်တိုင် အမှတ် ၁၅၈ နားမှစ၍ နောက်မှလိုက်ပါ မောင်းနှင်ပြီး အနှောင့်အယှက်ပေးနေခြင်းဖြစ်သောကြောင့် မိုင်တိုင် ၁၆၆ နှင့် ၄ ဖာလုံခန့်တွင် ခရီးသည်တင်ကားရှေ့မှ ကန့်လန့်ဖြတ်ပိတ်ခဲ့ကြောင်း ခရီးသည်တင်ကားပေါ်လိုက်ပါခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

"အဖော်ကလည်း တပ်မတော်သားတစ်ဦးပါ။စခန်းနားမှာ သူတို့ကကားဘယ်နှစင်း လူဘယ်နှယောက်လည်း မသိတော့ ကျွန်တော်က ဘက်ဆုတ်ခဲ့တာပါ။ခွင့်ပြုချက်မရှိဘဲ ခရီးသွားတဲ့တပ်မတော်သားကို ဘယ်လိုအရေးယူမလဲဆိုတာ၊ စောင့်ကြည့်မယ်" ဟု ဦးရောဘတ် စန်းအောင်က ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး အောင်ကိုဦး ကို သာဂရအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၁။၂၀၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်လှစ်ထားသည်ဟု အဆိုပါရဲစခန်းမှသိရသည်။  

R-15