News

POST TYPE

NEWS

ပြည်သူများ ဒုက္ခရောက်မည်စိုး၍ ကတ်စနစ်မစတင်သေးဟု YRTA ဆို
17-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၆

YBS ယာဉ်အချို့တွင် ကတ်စနစ်ဖြင့်ငွေပေးချေနိုင်သည့် စက်များတပ်ဆင်ပြီးသော်လည်း ကတ်စနစ်မှားလျှင် ပြည်သူများ ဒုက္ခရောက်မည် စိုးသောကြောင့် ယင်းကတ်စနစ်ကို မစတင်သေးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာကျော်ကပြောသည်။

ယင်းသို့ ကတ်စနစ်မစတင်သေးသော်လည်း ငွေပေးချေနိုင်သည့်စက်များ(Yangon Payment Service) စက်များကို ယာဉ်အစီးရေ ၁၅၀ဝ တွင် တပ်ဆင်ပြီးပြီဖြစ်ကြောင်းလည်း ဇန်နဝါရီ ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့သည့် (YRTA) ၃ နှစ်ပြည့်အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့သည်။

"ဘတ်စ်ကားကို ဂိတ်ရင်းကနေတက်စီးရင် နေရာမရမှာစိုးလို့ ၂ မှတ်တိုင် ၃ မှတ်တိုင်ကြိုပြီး ပတ်စီးတဲ့စနစ်ဒီမှာပဲရှိတယ်။ပတ်စီးစနစ်နဲ့  ကတ်စနစ် အဆင်ပြေဖို့ဘယ်လိုလုပ်ကြမလဲဆိုလည်း လေ့လာရသေးတယ" ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့  ဥက္ကဋ္ဌဒေါ်နီလာကျော်က ပြောသည်။

ပထမအဆင့်အနေနှင့် ဘတ်စ်ကား ၃၂ လိုင်းမှယာဉ်အစီးရေ ၁၅၀ဝ ကို ကတ်ဖတ်သည့်စက်များကို တပ်ဆင်ခဲ့ပြီး ယခုနှစ်တွင် နောက်ထပ်ကျန်ရှိသည့် ဘတ်စ်ကားလိုင်းများမှယာဉ်များတွင် တပ်ဆင်ထားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

စက်တပ်ဆင်ခဲ့သည့် ယာဉ်လိုင်းများမှာ မြို့တွင်း၌ အဓိကအခြေပြုပြေးဆွဲနေသော ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်တွင် ယာဉ်အစီးရေ ၃၀ဝ ၊ YUPT ကုမ္ပဏီတွင် အစီးရေ ၅၀ဝ၊ YBPC ကုမ္ပဏီတွင် ၅၀ဝ စီးနှင့် ရွှေတောင်ပိုင်းကုမ္ပဏီတွင် ယာဉ်အစီးရေ ၈၀ ကျော်ကို ရွေးချယ်တပ်ဆင်ခဲ့ကြောင်းသိရသည်။

လက်ရှိရန်ကုန်မြို့တွင် YBS ယာဉ်လိုင်း ၁၀ဝ မှ လမ်းကြောင်းပေါင်း ၁၃၅  ခုကို ပြေးဆွဲပေးလျက်ရှိပြီး YBS ယာဉ်အစီးရေ ၄၃၀ဝ ကျော်ဖြင့် နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကျော်ကို ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

မို့မိုအေး