News

POST TYPE

NEWS

ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးမည့်လူငယ်လေးသန်းခန့်ရှိနိုင်ဟု ခန့်မှန်း
17-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၆

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့်လူငယ် လေးသန်းခန့်ရှိသည်ဟု ခန့်မှန်းထားကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ပြောကြားသည်။

နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာကျင့်ဝတ်ပြုစုရေး ညှိနှိုင်းဆွေးနွေးပွဲကိုလည်းပြုလုပ်ထားပြီး ယင်းဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်၏ ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ်ပြန်ချက်အရသိရသည်။

"လူငယ်တွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို သိရှိထားမှသာ ရွေးကောက်ပွဲမှာမဲပေးတဲ့အခါ ပိုမိုပါဝင်လာနိုင်မယ်" ဟု ဦးလှသိန်းက ပြောဆိုသည်။

ရွေးကောက်ပွဲကာလအတွင်း အမုန်းစကားများ၊ သတင်းအမှားများ ပြည်သူလူထုထံရောက်ရှိပါက ရွေးကောက်ပွဲကို  အနှောင့်အယှက်ဖြစ်လာနိုင်ပြီး မလိုလားအပ်သည့် ပဋိပက္ခများဖြစ်လာနိုင်ကြောင်း၊ အမုန်းစကားနှင့် သတင်းအမှားများက ဒီမိုကရေစီစနစ်၏ ဂုဏ်သိက္ခာကိုလည်း ထိပါးစေနိုင်သည့်အတွက် သတင်းမီဒီယာများအနေဖြင့် နိုင်ငံတော်အကျိုးအတွက် မျှော်ကိုးပြီး ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် မှန်ကန်သောသတင်းအချက်အလက်များကို ပြည်သူလူထုထံ လျင်မြန်ကျယ်ပြန့်စွာရောက်ရှိရေး ဆောင်ရွက်ပေးရန်လည်း ၎င်းကတိုက်တွန်းပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် သတင်းမီဒီယာ၏ အခန်းကဏ္ဍက အလွန်အရေးပါသည့်အတွက် ပြည်သူလူထုတစ်ရပ်လုံး ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများရရှိစေရန် မဲဆန္ဒရှင်များ မဲပေးခြင်းဆိုင်ရာအသိပညာပေး (Voter Education)လုပ်ငန်းများတွင် သတင်းမီဒီယာများ၏ အကူအညီများစွာလိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌကထည့်သွင်းပြောဆိုသည်။

ZC