News

POST TYPE

NEWS

ကလေးငယ်ရှိသူ၊ ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးဆရာများ ဆယ်တန်းအဖြေလွှာစစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ရမည်
16-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၆

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးရန် စာရင်းပေးသွင်းထားသည့် ဆရာဆရာမများထဲမှ ကျန်းမာရေးအခြေအနေ၊ ၂နှစ်အောက်ကလေးရှိသူ၊ အသက် ၅၀နှစ်ပြည့်ပြီးသူများသာ အဖြေလွှာစစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးရန်အတွက် အထက်တန်းပြအမည်စာရင်းများ တောင်းခံထားရာ အဖြေလွှာစစ်ဆေးရန် စာရင်းပါဝင်သော ဆရာဆရာမများထဲမှ မတ်၃၀ ရက်တွင် အသက် ၅၀ပြည့်သူ၊ အဖြေလွှာစစ်ဆေးချိန်တွင် ကိုယ်ဝန်ရှိသူ(ဆေးစာတင်ပြရန်)၊ မီးဖွားခွင့်ခံစားနေသူ၊ အဖြေလွှာစစ်ဆေးရန် မသင့်တော်သော ကျန်းမာရေးအခြေအနေရှိသူ၊မတ် ၃၀တွင် အသက်၂နှစ်အောက်ကလေးရှိသူများသည်အဖြေလွှာစစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်အရသိရသည်။

ကာယကံရှင်ဆရာဆရာမမှလွဲ၍ မည့်သည့်တော်စပ်သူ၏ ကျန်းမာရေးမအကြောင်းပြချက်ဖြင့် အဖြေလွှာစစ်ဆေးခြင်းကို မငြင်းပယ်ရန်၊ ဇနီးနှင့် ခင်ပွန်းနှစ်ဦးလုံး တက္ကသိုလ်ဝင်တန်းဘာသာရပ်သင်ဖြစ်ပါက ဇနီး သို့မဟုတ် ခင်ပွန်း တစ်ဦးတည်းသာ အဖြေလွှာစစ်ဆေးရန်၊ အဖြေလွှာစစ်ဆေးချိန်တွင် မင်္ဂလာဆောင်၊ ဘီအီးဒီ တက်ရောက်ရန် ကြိုတင်သွားရောက်ခြင်း စသည့်အကြောင်းပြချက်ဖြင့် ငြင်းပယ်ခြင်းမပြုရန်၊ အဖြေလွှာစစ်ဆေးချိန်တွင် ခရီးသွားမည့်အကြောင်းပြချက်ဖြင့်သော်လည်းကောင်း အခြားမည့်သည့်အ ကြောင်းပြချက်ဖြင့်သော်လည်းကောင်း ငြင်းပယ်ခြင်းမပြုရန် တို့ကိုသတ်မှတ်ထားသည်။

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ရက်မှ ၂၀ရက်အထိ စစ်ဆေးမည်ဖြစ်ပြီး အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို မတ်လကုန်တွင်ပြုလုပ်မည်ဖြစ်သည်။

အောင်သက်ကို