News

POST TYPE

NEWS

အမှိုက်မှ စွမ်းအားပြည့်လောင်စာထုတ်ရန် လွှတ်တော်ခွင့်ပြုပါက မေလတွင်စတင်မည်
16-Jan-2020
ရန်ကုန်၊ဇန်နဝါရီ -၁၆

အမှိုက်တန်ချိန်(၁၀ဝ၀)မှတဆင့် စွမ်းအားပြည့်လောင်စာထုတ်လုပ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီး ခွင့်ပြုပါက လာမည့်မေလတွင် စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပတ်ဝန်းကျင်နှင့်သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူးဦးချိုထွန်းအောင်က ပြောကြားသည်။

ယင်းစွမ်းအားပြည့်လောင်စာထုတ်လုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် စီးပွားရေးစီမံခန့်ခွဲမှုကော်မတီကို ကနဦးတင်ပြပြီး  ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အမှိုက်မှတစ်ဆင့် စွမ်းအားပြည့်လောင်စာထုတ်ရန် ပိုလန်နိုင်ငံမှ ချေးငွေယူရို သန်း ၅၀ ဖြင့်ဆောင်ရွက်မည်ဖြစ်ကာ ချေးငွေပြန်ဆပ်ရမည့်ကာလမှာ ဆိုင်းငံ့ကာလ ၅ နှစ်၊ချေးငွေဆပ်ရမည့် ကာလ ၆၂ နှစ် စုစုပေါင်း ၆၇ နှစ်ဖြစ်ပြီးအတိုးနှုန်းအနေဖြင့် ဝ ဒဿမ ၁ ရာခိုင်နှုန်းပေးရမည်ဖြစ်ကြောင်း ဦးချိုထွန်းအောင်က ရှင်းပြသည်။

ထိုဆောင်ရွက်မည့်စီမံကိန်းသည် စွမ်းအားပြည့်လောင်စာ၊ Liquid Co2 ၊ CNG၊ ဓာတ်မြေသြဇာ အစရှိသည့်တို့ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်တစ်မြို့လုံးတွင် တစ်နေ့လျှင် အမှိုက်တန်ချိန် နှစ်ထောင့်ငါးရာကျော်ထွက်ရှိနေပြီး အမှိုက်များကို ထားဝယ်ချောင် နှင့်လှော်ကား အမှိုက်မီးရှို့စက်ရုံသို့ နေ့စဉ် ပို့ဆောင် ဖျက်ဆီးနေရသည်။

ရန်ကုန်မြို့တော်စည်ပင်နယ်နမိတ် ၃၃မြို့နယ်ကထွက်ရှိသည့် အမှိုက်များကို စည်ပင်နေ့စားဝန်ထမ်းလေးထောင်ကျော်နှင့် အမှိုက်သိမ်းယာဉ်ငါးရာကျော်မှ နေ့စဉ်သိမ်းဆည်းနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10