News

POST TYPE

NEWS

ရပ်နားထားသော Yangon Water Bus ကို တိုးချဲ့ပြေးဆွဲမည်ဟု ရန်ကုန်ဝန်ကြီးချုပ် ဆိုပြန်
16-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၁၆

ယမန်နှစ်ကတည်းက ပြေးဆွဲမှုရပ်နားထားသော Yangon Water Bus များ၏ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။ 

ဇန်နဝါရီလ ၁၆ ရက်က ပြုလုပ်သည့် YRTA  ၃ နှစ်ပြည့် အခမ်းအနားတွင် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းဘက်ကို ပတ်နိုင်အောင် ကြိုးပမ်းနေပြီး သန်လျင်နဲ့ ဒဂုံဆိပ်ကမ်းဘက်ကို ချိတ်ဆက်နိုင်အာင် ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။ 

ဝန်ကြီးချုပ်က တိုးချဲ့ပြေးဆွဲမည်ဟုဆိုတော်လည်း Water Bus များပြေးဆွဲမှုကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှ စတင်၍ ရပ်နားထားကြောင်း Yangon Water Bus  ကုမ္ပဏီက ကြေညာထားသည်။ 

ထိုသို့ ရပ်နားထားခြင်းမှာ ဆိပ်ကမ်းများပြန်လည်ပြုခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းကြောင့်ဖြစ်ကြောင်း၊ မကြာမီကာလတွင် ငွေပေးချေမှုပုံစံအသစ်၊ ရေယာဉ်အသစ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်ကကြေညာထားသည်။ 

ထို့ပြင် Water Bus များဖြင့် ဧရာဝတီတိုင်းဘက်သို့ ခရီးစဉ်အသစ်များပြေးဆွဲမည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးသယ်ယာပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA က ယမန်နှစ် နိုဝင်ဘာလအတွင်း ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိပြေးဆွဲသည်ကို မတွေ့ရသေးပေ။ 

ထိုကဲ့သို့ တိုးချဲ့ပြေးဆွဲရန်အတွက် လိုအပ်သည့်ဆိပ်ကမ်းများ ထပ်မံတည်ဆောက်နေပြီး ခရီးစဉ်များများကို တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ဥက္ကဌ ဒေါ်နီလာကျော်ကလည်း ဆိုထားပြန်သည်။ 

Water Bus ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ပြီး ဗိုလ်တထောင်ဆိပ်ကမ်းမှ လှိုင်မြစ် အင်းစိန်ကမ်းနားဆိပ်ကမ်းသို့ ပြေးဆွဲခဲ့သော်လည်း ယခုအခါ ရပ်နားထားခြင်းဖြစ်သည်။ 

အဆိုပါကိစ္စနှင့် ပတ်သတ်၍ Yangon Water Bus ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့၏ ဖုန်းမှာ ဆက်ပိတ်ထားသည်။ 

မို့မိုအေး