News

POST TYPE

NEWS

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်းဝင်းကို ထပ်မံရွေးချယ်တင်မြှောက်
14-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ကုန်သည်စက်မှုအသင်းချုပ်၏ ၂၀၁၉-၂၀၂၂ ခုနှစ်သက်တမ်းအတွက် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကို ထပ်မံရွေးချယ်တင်မြှောက်လိုက်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
ယင်းအသင်းချုပ်၏ ၂၀၁၉-၂၀၂၂ ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အရင်သုံးနှစ်သက်တမ်းမှာလည်း ထူးထူးခြားခြားအောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တဲ့ ကိစ္စရပ်တွေအများကြီး ရှိပါတယ်။ လာမယ့်သက်တမ်းမှာလည်း အကောင်းဆုံးနဲ့ အမှားအနည်းဆုံးဖြစ်ဖို့ လုပ်ဆောင်သွားမှာပါ။ လုပ်ငန်းတိုးတက်ဖို့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါ” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းသည် ၂၀၁၆-၂၀၁၉ ခုနှစ်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ရွေးချယ်ခံရခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ် ၂၀၁၉-၂၀၂၂ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်အဖြစ် ဝင်ရောက်အရွေးချယ်ခံသည့် အသင်းသားဦးရေ ၁၄၁ ဦးရှိပြီး ၎င်းတို့ကို ဆန္ဒမဲပေးခွင့်ရှိသည့် အသင်းသူ၊ အသင်းသား ၈၂၅ ဦးက ဆန္ဒမဲပေးခဲ့ကြသည်။

၂၀၁၉-၂၀၂၂ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့တွင် ရွေးချယ်တင်မြှောက်ခံရသည့် အသင်းသားကိုယ်စားလှယ် ၇၅ ဦးနှင့် ညီနောင်အသင်းမှကိုယ်စားလှယ် ၇၁ ဦး စုစုပေါင်းအဖွဲ့ဝင် ၁၄၆ ဦးပါဝင်ပြီး ရွေးချယ်ခံရပြီးသည့် အလုပ်အမှုဆောင်အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် အရည်အချင်းနှင့် ညီညွတ်သည့် ကိုယ်စားလှယ် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ဗဟိုအလုပ်အမှုဆောင် ၆၀ ဦးကို ဆက်လက်ရွေးချယ်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

(J - 11) 



  • VIA