News

POST TYPE

NEWS

အောင်ရဲထွေး သေဆုံးမှု အပြင်းအထန် နာကျင်စေမှုပုဒ်မ ပြောင်း၍ စွဲချက်တင်
14-Dec-2019


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

လူအများစိတ်ဝင်စားနေသည့် ဟာသ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနှင့် ပတ်သက်၍ လူသတ်မှု ပုဒ်မဖြင့် စွဲချက်တင်စစ်ဆေးခံနေရသူ သုံးဦးကို အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၅ ဖြင့် ပြောင်း၍ စွဲချက်တင်စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ အမိန့်ချမှတ်လိုက်သည်။

အဆိုပါ အမှုမှ တရားစွဲဆိုခံရသူ သန်းထွဋ်အောင်(ခ) သားကြီး အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးတို့မှ အဂတိလိုက်စားပြီး အမှုရုပ်သိမ်းပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒုတိယအကြိမ်မြောက် ပြန်လည်ဖမ်းဆီး၍ စစ်ဆေးနေချိန်တွင် တရားစွဲဆိုခံရသူများဘက်မှ တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်ချက်လျှောက်ထားခဲ့သည်။

“သေဆ ုံးသူ အောင်ရဲထွေးရဲ့ ဦးခေါင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာက ဘယ်သူလုပ်တယ်ဆိုတာကို သက်သေထွက်ဆို နိုင်ခြင်း မရှိခဲ့ဘူး။ ဒါကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂) နဲ့ စွဲချက်တင်ထားတာကို ရာဇသတ်ကြီးပုဒ်မ ၃၂၅ ပြောင်းပြီး စွဲချက်တင်စစ်ဆေးဖို့ တိုင်းတရားလွှတ်တော်မှာ အမိန့်ချလိုက်တယ်” ဟု တရားစွဲဆိုခံရသူများ ဘက်မှ ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါ အမှုဖြစ်စဉ်မှ ဟာသ သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညက The One Entertainment တွင် လူတစ်စု၏ ဝိုင်းထိုးကြိတ်ကန်ကြောက်ခြင်းကို ခံရသဖြင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့သည်။

အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်၍ သန်းထွဋ်အောင်(ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေး နှင့် ကျော်ဇောဟန်(ခ) ကျော်ဇောတို့ သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံး၌ လူသတ်မှုပုဒ်မဖြင့် တရားစွဲဆိုစစ်ဆေးခဲ့ရာတွင် ယင်းအမှုကို ကိုင်တွယ်စစ်ဆေးခဲ့သော ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က အမှုမှ လိုပြသက်သေ ၁၆ ဦးကို စစ်ဆေးပြီးချိန်၌ စွဲချက်မတင်မီ အမှုရုပ်သိမ်း၍ တရားစွဲဆိုခံရသူ သုံးဦးကို တရားရှင် လွှတ်ပေးခဲ့သည်။

အမှုရုပ်သိမ်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ မြင့်တက်လာသဖြင့် နိုင်ငံတော်သမ္မတမှ ယင်းဖြစ်စဉ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ပြီးနောက် လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့သည်ဟုဆိုသော ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ခြောက်ဦးကို ဖမ်းဆီးခဲ့သည်။

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ခြောက်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်နှင့် ဒုခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရဲအုပ် ချစ်ကိုကိုတို့ဖြစ်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုစစ်ဆေးလျက်ရှိသည်။

ယင်းနောက် အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့သည့် သန်းထွဋ်အောင်(ခ) သားကြီး အပါအဝင် သုံးဦးကို လူသတ်မှုပုဒ်မဖြင့် ပြန်လည်တရားစွဲဆိုစစ်ဆေးရန် တိုင်းတရားလွှတ်တော်က အမိန့်ချမှတ်သဖြင့် ဒုတိယ အကြိမ်မြောက် အမှုအား ပြန်လည်စစ်ဆေးခဲ့ချိန် တရားစွဲဆိုခံရသူများဘက်မှ တိုင်းတရားလွှတ်တော်ထံ ပြင်ဆင်ချက် လျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ ဖြင့် ပုဒ်မပြောင်း၍ စွဲချက်တင်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၃၂၅ (အပြင်းအထန်နာကျင်စေမှု) ပုဒ်မမှာ အာမခံပေး၍ ရသည့်ပုဒ်မဖြစ်သောကြောင့် တရားစွဲဆိုခံရသူများ အချုပ်လွတ်ဖြင့် အမှုရင်ဆိုင်ခွင့်ရရှိရန် ၎င်းတို့၏ ရှေ့နေများက တရားရုံးတွင် အာမခံ လျှောက်ထားသွားမည်ဖြစ်ကြောင်း သိရှိရပြီး ယင်းအမှုကို လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့၌ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးတွင် စစ်ဆေးသွားမည်ဖြစ်သည်။

(S-03)


  • VIA