News

POST TYPE

NEWS

လူ့အခွင့်အရေးအားကောင်းစေရန် လူငယ်ထုပါဝင်မှုအရေးကြီးဟု ဝန်ကြီးချုပ်ပြောကြား
10-Dec-2019


ပုသိမ်၊ ဒီဇင်ဘာ ၁၀

လူ့အခွင့်အရေးရရှိရေးလှုပ်ရှားမှုများတွင် လူငယ်များ၏ပါဝင်မှုအရေးကြီးကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားသည်။

ပုသိမ်မြို့တွင် ဒီဇင်ဘာ ၁၀ရက်ကကျင်းပသည့် ၇၁ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ယခင်က လူ့အခွင့်အရေးချိုးဖောက်မှု ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အမှောင်ချခံရသည့်ကာလကြာရှည်ခဲ့၍ လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားနှင့် အနှစ်သာရလျော့ပါးလာကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“…အရှိန်အဟုန်နဲ့တိုးတက်လာဖို့ လူငယ်ထုရဲ့ပါဝင်မှုက အင်မတန်အရေးကြီးပါတယ်။ လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံးက ကိုယ်ချင်းစာစိတ်ပါ” ဟု ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားသည်။ 

လူ့အခွင့်အရေးနေ့ အခမ်းအနားကို “လူသားအားလုံးအခွင့်အရေး လူငယ်များရပ်တည်ပေး” ဆောင်ပုဒ်ဖြင့်ကျင်းပကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးပြိုင်ပွဲများကျင်းပကြောင်း လူအခွင့်အရေး ကာကွယ်မြှင့်တင့်ရေးအဖွဲ့ထံမှ သိရသည်။ 

ယင်းအဖွဲ့ စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်လေးက“လူအခွင့်အရေးရရှိခံစားနိုင်ဖို့ဆိုတာ လူတိုင်းနဲ့သက်ဆိုင်တယ်။ နိုင်သားအားလုံးကလည်း ကိုယ့်ရဲ့မွေးရာပါအခွင့်အရေးကို သိရှိဖို့၊ ရရှိဖို့ အစိုးရကလည်းတာဝန်ယူမှုတွေရှိရမယ်” ဟု ပြောသည်။ 

၇၁ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့် လူအခွင့်အရေးမြှင့်တင် ကာကွယ်ရေးအဖွဲ့တို့ပေါင်း၍ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကြောင်း ယင်းအခမ်းအနားကျင်းပရေးကော်မတီထံမှ သိရသည်။

R - 12 ၊ ဓာတ်ပုံ - မောင်မျိုးထက်



  • VIA