News

POST TYPE

NEWS

ရန်ကုန်မြို့အနေနှင့် ကမ္ဘာ့နေထိုင်ရ မကောင်းဆုံး မြို့ ၁၀ မြို့တွင် ပါဝင်နေခြင်းက သိက္ခာကျစရာမဟုတ်ဟု မြို့တော်ဝန် ပြောကြား
10-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်မြို့အနေနှင့် ကမ္ဘာ့နေထိုင် ရမကောင်းဆုံးမြို့ ၁၀ မြို့တွင် ပါဝင်နေခြင်းက သိက္ခာကျစရာမဟုတ်ကြောင်း ဒီဇင်ဘာ လ ၉ ရက်က ရန်ကုန်မြို့တော်စည်ပင်ရုံးတွင်ပြုလုပ်ခဲ့သော ရန်ကုန်စည်ပင်နှင့် သတင်းမီဒီယာများ ပုံမှန်တွေ့ဆုံပွဲတွင် ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက် Internations အဖွဲ့၏ တတိယမြောက်နိုင်ငံရပ်ခြားတွင် နေထိုင်သူများကို မေးမြန်းသုတေသနပြုချက်အရ ၂၀၁၉ စာရင်းအရ ကမ္ဘာပေါ်တွင် နေထိုင်ရမကောင်းဆုံးမြို့ ၁၀ မြို့စာရင်းတွင် ရန်ကုန်မြို့တော်ပါဝင်နေကြောင်း သတင်းထောက်၏ မေးမြန်းမှုအပေါ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဆယ်မြို့ကို စာရင်းကောက်တယ်။ နေလို့ထိုင်လို့ အကောင်းဆုံးအနိမ့်ဆုံးက ရန်ကုန်ပါနေတဲ့အတွက် မဖြစ်နိုင်ဘူး။ တိုကျိုလိုမျိုး၊ ဆန်ဖရန့်စစ်စကိုမြို့တွေလို သွားနှိုင်းလို့တော့မရဘူး။ ဒီလောက်တော့ မဆိုးဘူး။ သူတို့ Selection လုပ်ထားတဲ့ ၁၀ မြို့ထဲမှာ သွားကျတဲ့အခါကျတော့ နောက်ဆုံးတစ်မြို့ဖြစ်တဲ့အတွက် သိက္ခာကျစရာမဟုတ်ဘူး။ သူ့အဆင့်နဲ့သူတော့ ရှိသွားမှာပဲ။ ကျန်တဲ့ ၉ မြို့ကို ပြန်ကြည့်ပါ။ ကမ္ဘာပေါ်မှာ ၁၀ မြို့နယ်ထဲ ရှိတာမဟုတ်ဘူး။ သူလိုချင်တဲ့ ၁၀မြို့လောက်ကိုယူပြီး ကိုယ့်ထက်သာတဲ့ ၁၀ မြို့ကိုယူပြီး ထည့်ပြီး တန်းစီလိုက်တော့ ရန်ကုန်က နောက်ဆုံးရောက်တာ။ ဒါကဖြစ်တတ်ပါတယ်”ဟု ဦးမောင်မောင်စိုး က ပြောသည်။

ရန်ကုန်မြို့အနေနှင့် ကမ္ဘာ့နေထိုင်ရ မကောင်းဆုံးမြို့ ၁၀ မြို့တွင် ပါဝင်နေခြင်းက စစ်တမ်းကောက်ယူသည့် ရွေးချယ်မှုအပေါ်တွင်သာမူတည်ပြီး ယင်းပါဝင်မှုအပေါ် ရှက်စရာမဟုတ်သလို ဝမ်းသာစရာလည်းမဟုတ်ကြောင်း ဦးမောင်မောင်စိုးက ပြောကြားသည်။

ကမ္ဘာ့နေထိုင်ရ မကောင်းဆုံးမြို့ ၁၀ မြို့စာရင်းကို ကောက်ယူရာတွင် Internations အဖွဲ့အနေနှင့် တတိယမြောက်နိုင်ငံနေထိုင်သူ ၂၀၂၅၉ ဦးကို မေးမြန်းစစ်တမ်းကောက်ယူထားခြင်းဖြစ်ကြောင်း စစ်တမ်းဖော်ပြချက်အရ သိရသည်။

J-10