News

POST TYPE

NEWS

ပန်းခြံများတွင် စားသောက်ဆိုင်ဖွင့်မည်ဟု ရန်ကုန်မြို့တော်ဝန်ဆို
10-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၉ 

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ အများပြည်သူ အပန်းဖြေအနားယူသည့် ပန်းခြံများတွင် မြို့တော်ဝန်တာဝန် ထမ်းဆောင်စဉ် သက်တမ်းအတွင်း စားသောက်ဆိုင်ဖွင့်လှစ်ပေးသွားရန် စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင် စိုးက ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ YCDC ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲတွင် သတင်းထောက်များ၏မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်စတက်လာတဲ့အခါမှာ ပန်းခြံတွေကို ဖိဖိစီးစီးလုပ်လာတာ တော်တော်ကို သားသားနားနားလေးဖြစ်နေပါပြီ။ ဒီထဲမှာ စနစ်တကျဖြစ်တဲ့ နာမည်ကြီးဈေးသက်သာတဲ့ သပ်သပ် ရပ်ရပ်စားနိုင်တဲ့ စနစ်တကျ စားသောက် ဆိုင်လေးကို လုပ်ဆောင်သွားဖို့ရှိတယ်။ လမ်းဘေးဈေးသည်လို မသန့်မရှင်းတဲ့ ဆိုင်ပုံစံ မျိုးမဟုတ်ဘဲ အများပြည်သူ အပန်းလည်းဖြေ စားနိုင်သောက်နိုင်တဲ့ အဆင့်မြင့်ပုံစံမျိုးလုပ်မှာ ဖြစ်တယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့ရှိ ပန်းခြံများတွင် စနစ်တကျ စားသောက်ဆိုင်ဖွင့်ရန် YCDC အနေနှင့် စီမံချက်ရေးဆွဲပြီးစီးပြီ ဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တင်ပြကာ သဘောတူညီပါက တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ကိုခံယူပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန်ထံမှ သိရသည်။

အများပြည်သူ အပန်းဖြေသည့် နေရာတွင် ဆိုင်ခန်းပုံစံမျိုး မဟုတ်ဘဲ သီးသန့်စနစ်တကျ စားသောက်ဆိုင်ပုံစံမျိုးကို ဖော်ဆောင်မှာဖြစ်ပြီး တိုင်းလွှတ်တော်က အတည်ပြုပါက စိတ်ပါဝင်စားမှုလျှောက်လွှာ EOI ခေါ်ယူပြီး တင်ဒါစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုလက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် အများ ပြည်သူ အပန်းဖြေသည့် ပန်းခြံအရေအတွက်မှာ အရှေ့ပိုင်းခရိုင်တွင် ၁၅ ခြံ၊ အနောက်ပိုင်းခရိုင်တွင် ၁၉ ခြံ၊ တောင်ပိုင်း ခရိုင်တွင် ၁၄ ခြံနှင့် မြောက်ပိုင်းခရိုင်မှာ ၁၃ ခြံရှိကာ ပန်းခြံစုစုပေါင်း ၆၁ ခြံ ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနထံမှ သိရသည်။

J-10