News

POST TYPE

NEWS

ပြုပြင်ပြောင်းလဲရေးတွင် အဂတိလိုက်စားမှုက အဓိကအတားအဆီးဖြစ်နေဟု နိုင်ငံတော်သမ္မတပြော
10-Dec-2019
နေပြည်တော်၊ ဒီဇင်ဘာ ၉

နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးခရီးတွင် အဓိကအတားအဆီးမှာ အဂတိလိုက်စားမှုဖြစ်နေကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

“နှစ်ကာလကြာရှည်စွာ အမြစ်တွယ် ရှင်သန်နေသည့် အဂတိလိုက်စားမှု ပြဿနာသည် အဓိကကျတဲ့ ခလုတ်တံသင်းဖြစ်နေတယ်လို့ မိမိတို့အစိုးရက နားလည်သဘော ပေါက်တဲ့အားလျော်စွာ နိုင်ငံရေးစိတ်ဆန္ဒပြင်းပြစွာနဲ့ အဂတိကင်းစင်တဲ့ လူ့အသိုက်အဝန်းဖြစ်ပေါ်လာရေး ရည်မှန်းပြီး အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို နေပြည်တော်  MICC 2 တွင်ပြုလုပ်ခဲ့ပြီး ၎င်းက တက်ရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဂတိလိုက်စားမှုဟာ မျက်မှောက်ခေတ်မှာ နိုင်ငံများကို အများဆုံးပျက်စီးယိုယွင်းစေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အရင်းအမြစ်များကို လေလွင့်ဆုံးရှုံးစေခြင်း၊ စီးပွားရေးနှင့် လူမှုရေး မမျှတမှုများကို ကျယ်ပြန့်စေခြင်း၊ လူထုအတွင်း မကျေနပ်မှုများနှင့် နိုင်ငံရေး အစွန်းရောက်မှုများ ပေါက်ဖွားစေခြင်း၊ အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေပါတယ်” ဟု ၎င်းက ဆိုသည်။

အဂတိလိုက်စားမှုသည် ပြည်သူ လူထုအတွင်း မညီမျှမှုနှင့် ဆင်းရဲနွမ်းပါးမှု ကို သက်ဆိုးရှည်စေပြီး လူထု၏ ကိုယ်စိတ်ချမ်းသာမှုနှင့် ဝင်ငွေခွဲဝေမှုအပေါ် ထိခိုက်စေကြောင်း၊ ယင်းအပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် ညီတူညီမျှ ပါဝင်နိုင်မှုအခွင့်အရေးကို လျော့နည်းစေကြောင်း သမ္မတက ထပ်လောင်းပြောဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းဆိုင်ရာ အခြေခံသဘောတရားများအရ အဂတိလိုက်စားမှုစနစ်တစ်ရပ်ကို တိုက်ဖျက်ရာတွင် တောင်းဆိုသည့်အပိုင်းနှင့် ထောက်ခံသည့်အပိုင်းဟူ၍ နှစ်ပိုင်းရှိနေသောကြောင့် ယင်းနှစ်ပိုင်းလုံးကို တစ်ပြိုင် နက်တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် အရေးယူဆောင်ရွက်နိုင် သည့်အခြေအနေသည် ပြီးပြည့်စုံလုနီးပါး ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံဝန်ထမ်း များအနေဖြင့် CPU များ ခိုင်မာအားကောင်းစွာ အလုပ်လုပ်နေခြင်းဖြင့် ဌာနဆိုင်ရာများဘက်မှ ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်နေကြပြီဖြစ်သကဲ့သို့ စီးပွားရေးလုပ်ငန်းရှင် များဘက်ကလည်း အဂတိလိုက်စားမှုကို ဆန့်ကျင်သော ကျင့်ဝတ် (CoC) များကို ကိုယ်တိုင်ရေးဆွဲ၍ ဖြောင့်မတ်တည်ကြည်မှုနှင့် တာဝန်ယူမှုရှိစွာဖြင့် လိုက်နာကျင်းသုံးသွားရန်လိုအပ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကလည်း အခမ်းအနားသို့ တက်ရောက်ပြောကြားခဲ့သည်။

S-01