News

POST TYPE

NEWS

ကြည့်မြင်တိုင်ရှိ ဗဟိုစံပြငါးဈေးအား ပြောင်းရွှေ့ရန် စီစဉ်
10-Dec-2019

ကြည့်မြင်တိုင်မြို့နယ်၊ ဗဟိုငါးဈေးရှိ လုပ်သားတစ်ဦးကို တွေ့ရစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၉ 

ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုငါးဈေးကို နေရာပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာလ ၉ ရက် က ရန်ကုန်မြို့တော် စည်ပင်ရုံးတွင် ပြုလုပ်ခဲ့သော ရန်ကုန်စည်ပင်နှင့် သတင်းမီဒီယာ များ ပုံမှန်တွေ့ဆုံပွဲတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ 

အဆိုပါ ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုငါးဈေးနားတွင် ညဘက်၌ ကုန်သေတ္တာ ယာဉ်များက ကမ်းနားလမ်းတောက်လျှောက် ဖြတ်သန်းသွားလာနေသောကြောင့် ကြည့်မြင်တိုင်ငါးဈေးအနေနှင့် အဆင်မပြေမှုများ ဖြစ်နေသောကြောင့် ပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“မြို့တော်ဝန်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်လည်း ဒီငါးဈေးဟာ ပြောင်းသင့်တယ်။ လူနေအိမ်တွေ လူတွေနဲ့ အရမ်းနီးကပ်တယ်၊ ငါးဈေးက ထွက်တဲ့ အနံ့အသက် စသဖြင့်ပေါ့။ ဒါကြောင့် လိုအပ်ချက်တွေအရ ငါးဈေးကို ပြောင်းဖို့ အစီအစဉ်ရှိပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုငါး ဈေးနေရာပြောင်းရွှေ့ရန် အစီအစဉ်ရှိသောကြောင့် သင့်တော်မည့်နေရာကို လေ့လာရှာဖွေနေပြီး ယင်းပြောင်းရွှေ့မည့် နေရာအသစ်သည် စက်လှေများ အဆင်ပြေစွာ ဆိုက်ကပ်နိုင်မည့် နေရာဖြစ်ရမည့်အပြင် ရေခဲစက်လည်း ရှိသင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ် ၃၃ မြို့နယ်ရှိပြီး ယင်းရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန၏ ကွပ်ကဲမှု လက်အောက်တွင် (က) အဆင့်၊ (ခ) အဆင့်၊ (ဂ) အဆင့် နှင့် (ဃ) အဆင့်ဈေးပေါင်း ၁၈၄ ဈေးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10