News

POST TYPE

NEWS

အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူရန် အဆိုပြုလွှာခေါ်ယူ
09-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၈

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူရန် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က တင်ဒါအဆိုပြုလွှာ ဖိတ်ခေါ်လိုက်သည်။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့သည် ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါးတို့ကို စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသည့် ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်သည့် စပါးသီးနှံအတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲကင်း စင်၍ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံဈေးနှုန်းကို ကျပ်ငွေငါးသိန်းအဖြစ် သတ်မှတ်ကြေညာခဲ့သည်။

သို့ဖြစ်၍ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှု အဖွဲ့များမှ ဒေသများတွင် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ အခြေခံရည်ညွှန်း စပါးဈေးနှုန်းဖြင့် တောင်သူလယ်သမားများထံမှ စပါးများဝယ်ယူမည်ဖြစ်သောကြောင့် စပါးဝယ်ယူလိုသည့်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“တောင်သူဆီက အခြေခံစပါးဈေးနဲ့ကိုက်ညီတဲ့စပါးကို တင်ဒါစနစ်နဲ့ဝယ်ဖို့ စည်းမျဉ်းစည်းကမ်းတွေတော့ သတ်မှတ်လိုက်ပြီ။ ပဲခူးတိုင်း အနောက်ဘက်မှာ ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီ စားသုံး သူရေးရာမှာ တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲရှိတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အလုပ်အမှုဆောင် ဦးထင်ဇော်လှိုင်က ပြောကြားသည်။

စပါးဝယ်ယူသည့်ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊ ထန်းတပင်မြို့တို့ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မအူပင်မြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဝယ်ယူမည်ဖြစ်သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးရှိ ဒိုက်ဦး မြို့နယ်၊ သာယာဝတီမြို့နယ်၊ ကျောက် တံခါးမြို့နယ်၊ ကဝမြို့နယ်၊ အုတ်တွင်း မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ဖြူးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့တွင်လည်း ဝယ်ယူမည်ဖြစ်ကြောင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ထံမှ သိရသည်။

အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေ့စဉ် နံနက် ၉ : ၃၀ မှ ၁၆ : ၃၀ အထိ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး (ရန်ကုန်တိုင်းဒေသကြီး။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး) တို့တွင် တစ်စုံလျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။

တင်ဒါအဆိုပြုလွှာများကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီနောက် ဆုံးထား၍ သက်ဆိုင်ရာတိုင်းဒေသကြီး။ ပြည်နယ် စပါး/ဆန်ဝယ်ယူရေးကြီးကြပ်မှုအဖွဲ့များထံ တင်သွင်းနိုင်ပြီး တင်ဒါအောင်မြင်သူများကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

J-11