News

POST TYPE

NEWS

YBS ယာဉ်ပေါ်ရှိ GPS စက်များ ယာဉ်မောင်းအချို့ ဖျက်ဆီး
06-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၅

YBS ယာဉ်ပေါ်တွင် စည်းကမ်းထိန်း သိမ်းရန်တပ်ဆင်ထားသည့် Telematics စနစ် GPS စက်များကို ယာဉ်မောင်းအချို့ က နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးခြင်းများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ မန်နေဂျင်း ဒါရိုက်တာ ဦးညီညီမော်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် လတ်တလော စစ်ဆေးမှုများအရ YBS ဘတ်စ်ကားပေါ်များတွင် တပ်ဆင်ထားသည့် Telematics စနစ် GPS စက်များကို ယာဉ်မောင်းများက နည်းလမ်းပေါင်းစုံသုံးကာ ဖျက်ဆီးနေသည့်အတွက် သက်ဆိုင်ရာယာဉ်လိုင်းတာဝန်ခံ၊ ကုမ္ပဏီများကို ခေါ်ယူတွေ့ဆုံကာ ဆွေးနွေးနေကြောင်း ၎င်းကဆိုသည်။

“ပုံစံမျိုးစုံနဲ့ ပျက်စီးတာရှိတယ်။ ယာဉ်မောင်းတွေက ဖျက်ဆီးတာရှိတယ်။ ဒီစက်ကိုဖြုတ်လိုက်ပြီ၊ ထိလိုက်ပြီဆိုရင် သိတယ်။ ဒါဆိုရင် ပုံမှန်အတိုင်း ဖြစ်တာလား၊ တမင်လုပ်တာလား၊ ဖျက်ဆီးခံရတဲ့ အခြေအနေ ရှိ မရှိဆိုတာ စစ်ဆေးလိုက်တာနဲ့ သိပါတယ်။ စစ်ဆေးပေးတဲ့ အင်ဂျင်နီယာ၊ စစ်ဆေးရေးအဖွဲ့တွေပါတယ်။ တမင်ဖျက်ဆီးမှုကို တင်းတင်းကျပ်ကျပ်အရေးယူသွားမယ်” ဟု မန်နေဂျင်းဒါရိုက်တာ ဦးညီညီမော်က ပြောသည်။

Telematics စနစ်မှာ ဘတ်စ်ကားများကိုထိန်းချုပ်နိုင်ရန်နှင့် ယာဉ်မောင်း များကို စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းရန် အတွက် အခမဲ့တပ်ပေးထားကြောင်းနှင့် ယင်းစနစ်ကို ယာဉ်မောင်းအချို့က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ကို စစ်ဆေးတွေ့ရှိသည့်အတွက် ကနဦးအနေဖြင့် ဒဏ်ကြေးပေးဆောင်ခိုင်းပြီး သတိပေးထားကြောင်း YRTA ထံမှ သိရသည်။

နောက်ပိုင်း YBS ဘတ်စ်ကားများပေါ်တွင် တပ်ဆင်ထားသည့် Telematics စနစ် GPS စက်များဖျက်ဆီးသည့် ယာဉ်မောင်းကို အလုပ်မှ တစ်လနားခိုင်းခြင်း၊ အလုပ်မှ အပြီးတိုင် ထုတ်ပယ်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

Telematics စနစ်သည် ယာဉ်မောင်းများ စည်းကမ်းချိုးဖောက်ခြင်းအပါအဝင် ယာဉ်ပေါ်တွင် အရေးပေါ်ကြုံတွေ့နိုင်သော အခြေအနေအမျိုးမျိုးကို GPS မှ တစ်ဆင့် Bus Operator နှင့်ချိတ်ဆက်ပြီး တိုက်ရိုက်ပြောကြားထိန်းချုပ်နိုင်သော စနစ်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

YBS ယာဉ်ဖြစ်စဉ်များ ထိန်းချုပ်နိုင်မည့် Telematics စနစ်သည် YRTA အပါအဝင် သက်ဆိုင်ရာကုမ္ပဏီများပါ တိုက်ရိုက်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ယင်းစနစ်အတွက် စမတ်ကတ်ထုတ်ပေးထားသည့် ယာဉ်မောင်း ၇၃၀၀ ကျော်၏ မှတ်တမ်းများကို စတင်စမ်းသပ်စောင့်ကြည့်နေပြီဖြစ်ကြောင်း YRTA ထံမှ သိရသည်။ 

J-10