News

POST TYPE

NEWS

မြစ်ကြောင်း ပိတ်ဆို့မှုကြောင့် ဟင်္သာတတွင် ကုန်စည်စီးဆင်းမှု ထက်ဝက်ကျော်ကျ ၊ ပွဲရုံအချို့ပိတ်သိမ်း
05-Dec-2019

ဟင်္သာတ ၊ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာထွက်ကုန်လုပ်ငန်းရောင်းဝယ်မှု အချက်အချာတစ်ခုဖြစ်သည့် ဟင်္သာတမြို့ ပွဲရုံတန်းတွင် မြစ်ကြောင်း ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှု ထက်ဝက်ကျော်ကျဆင်းခဲ့သဖြင် ပွဲရုံအချို့ ပိတ်သိမ်းရကြောင်း လုပ်ငန်းရှင်များက The Voice ကို ပြောကြားသည်။

ဟင်္သာတကမ်းနားပွဲရုံတန်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က စတင်ကာ မဖွင့်မနေရစီမံချက်ဖြင့် ပွဲရုံ ၃၀ ကျော် ဖွင့်လှစ်လုပ်ကိုင်ခဲ့စေခဲ့ရာ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ် မှ ကျေးရွာပေါင်း ၂၀ ကျော်နှင့် ပဲခူးတိုင်းဒေသကြီးမှကျေးရွာပေါင်း ၁၄ ရွာအပါအဝင် ဒေသအများအပြားရှိလယ်ယာကိုင်းကျွန်းထွက်ကုန်များ ဝင်ရောက်လာမှုကြောင့် ကုန်စည်စီးဆင်းမှုများသဖြင့် ပွဲရုံလုပ်ငန်းများအောင်မြင်ခဲ့သောလည်း မြစ်ကြောင်းပိတ်ဆို့မှုကြောင့် ပဲခူးတိုင်းဒေသကြီးမှ ဟင်္သာတပွဲရုံတန်းမှ တင်ပို့မည် ကုန်စည်များကို ဇလွန်မြစ်ဆိပ်တွင် သွားရောက်တင်ပို့နေရခြင်းကြောင့် ကုန်ကျစရိတ်များပိုမိုကာ လုပ်ငန်းအရှုံးပေါ်ရကြောင်း၊ ယင်းအပြင်ကုန်တင်ကုန်ချ အလုပ်သမားဦးရေ ၁၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အဆိုပါ မြစ်ကြောင်းပိတ်ဆို့မှုဒဏ်ကို ၄ နှစ်ကျော်ခံစားခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင်လုပ်ငန်းရပ်ဆိုင်းသည်အထိ ဆိုးရွားစွာ တွေ့ကြုံခဲရကြောင်း ပွဲရုံလုပ်ငန်းရှင်ဦးစိုးဝင်းက ပြောကြားသည်။

“မြစ်ကြောင်း ပိတ်တာက တောင်လုံးစုရွာနားပါ လက်ရှိ မြောင်းကိုအနည်းငယ်ချဲ့ရုံပါပဲ အရှည်ပေ ၂၀၀ခန့်တူးပေးရမှာ ဆန်စပါးအိတ် ၂၀၀ နဲ့ အိတ် ၃၀၀ ကြား တင်လို့ရတဲ့ မော်တော်လေးတွေဝင်လို့ ရရင်အဆင်ပြေပါပြီ မနှစ်က တူးဘို့လုပ်တယ် ဒေသခံတွေက ကန့်ကွက်လို့ပါဟု ဧရာဝတီတိုင်းဒေသကြီးပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဌ ဦးမြင့်သိန်းဦးက ပြောကြားသည်။

ရေယာဉ်ငယ်များဝင်နိုင်ရန် ပိတ်ဆို့နေသည့် မြစ်ကြောင်းကို အနည်းငယ်တူးပေးရန် အစိုးရအဖွဲ့က ရန်ပုံငွေချထားပေးခဲ့သောလည်း စက်ယန္ထရားများဖြင့် တူးဖေါ်နေစဉ်ဒေသခံများ ကန့်ကွက်မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ရကြောင်း ၊ မြစ်ပြင်ကျယ်ကြီးဖြစ်စေရန် တူးဖေါ်ခြင်းမဟုတ်သည်ကို တာဝန်ရှိသူများနှင့် ပညာရှင်များက ဒေသခံတောင်သူများ နားလည်လက်ခံနိုင်အောင် ရှင်းပြညှိနှိုင်း၍ မြစ်ကြောင်းကို အမြန်ဆုံးတူးဖေါ်မှသာလျှင် လယ်ယာထွက်ကုန်များ အချိန်မီရောင်းချနိုင်မှာဖြစ်ပြီးကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်နိုင်မှာဖြစ်ကြောင်း ဦးမြင့်သိန်းဦးက ဆိုသည်။

လူဦးရေ တစ်ထောင်ကျော်နေထိုင်သည့် တောင်လုံးစုကျေးရွာအုပ်စုတွင်ဒိုက်အင်းရွာ သဖန်းရွာ အလည်စုရွာ ဘန့်ဘွေးကုန်းရွာ ကျောင်းစုရွာများဖြင့်ဖွဲ့စည်းထားသဖြင့် အဆိုပါ မြစ်ကြောင်းကိုတူးဖေါ်လိုက်မည်ဆိုပါက ကမ်းပြိုကမ်းစားမှုများဖြစ်ပေါ်ကာ ကိုင်းစိုက်ဧကနှင့် လူနေအိမ်များထိခိုက်မည်ကို စိုးရိမ်ရကြောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများပါတည်ရှိသဖြင့် မြေပြိုမှုဖြစ်ပွားနိုင်သော်လည်းသဖြင့် မြစ်ကြောင်းကို ဆက်မတူးရန် ဆက်လက်ကန့်ကွက်သွားမှာဖြစ်ကြောင်း တောင်လုံးစုရွာ ဒေသခံ တောင်သူဦးလှမြင့်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးရုံးထံ မေးမြန်းရာ “ခရိုင်အုပ်ချုပ်ရေးမှူးကတော့ မရှိဘူး အပြင်သွားနေတယ်ဒေသခံတွေနဲ့ ပွဲရုံလုပ်ငန်းရှင်တွေအကြား အဆင်ပြေအောင်ညှိနှိုင်းရမှာပါ တောင်သူတွေလည်း လယ်ယာထွက်ကုန်ရောင်းချရေးအဆင်မပြေဘူးဖြစ်နေတယ် အားလုံးအဆင်ပြေအောင် ညှိကြရမှာပါ ”ဟု ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

နေမင်းထက်



  • VIA